ကိုဗစ် စ ထိလာတဲ့ ယူနိုက်တက်နဲ့ ဗီလာ၊ ဟာလန်းကို ကြိုးစားဦးမယ့် ချယ်ဆီးနဲ့ ယနေ့ နံနက်ခင်း သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂါနေ့ ဘရန့်ဖို့ဒ်နဲ့ ပွဲမတိုင်ခင်မှာပဲ အသင်း ကစားသမားနဲ့ ဝန်ထမ်း အချို့မှာ ကိုဗစ် ကူးစက်ခံထားရကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ ဘရန့်ဖို့ဒ်နဲ့ ပွဲကိုတော့ ရွှေ့ဆိုင်းဖွယ် မရှိဘဲ ကစားရမှာ ဖြစ်ပေမယ့် ပွဲကြပ်ကာလမှာ ဆက်တိုက်လာနေတဲ့ ပွဲတွေ အတွက် ယူနိုက်တက် အခက်တွေ့ဖို့ ရှိနေပါတယ်။

ယူနိုက်တက် အပြင် အက်စတွန်ဗီလာ အသင်းမှာလည်း ကစားသမား တစ်ဦး ကိုဗစ် ကူးစက် ခံထားရတယ်လို့ သိရပြီး လီဗာပူးနဲ့ လတ်တလော ကစားထားတာကြောင့် မာဆေးဆိုဒ် အခြေစိုက် အသင်းကလည်း မျက်ခုံးလှုပ်နေရပြီ ဖြစ်ပါတယ်။

စပါးအသင်းကတော့ ကစားသမားတွေထဲ ကူးစက်ခံထားရတာ များပြားတာကြောင့် ပွဲစဉ် ၃ ပွဲ ရွှေ့ဆိုင်းထားရပြီး ယူရိုပါ ကွန်ဖရန့်လိဂ်ကနေလည်း ထွက်လာရပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ကင်းစင်တဲ့ ကစားသမားတွေနဲ့ပဲ ကွန်တီက လေ့ကျင့်ရေး ပြန်စတင်နေတယ်လို့ သိရပါတယ်။

လီဗာပူး လူငယ်ကြယ်ပွင့် ဟာဗေး အဲလီယော့ဟာ ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာကနေ နောက်လမှာ ပြန်လာနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာ ယူနိုက်တက် စူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုကို ဘာနေဗျူးထံ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။

နယူးကာဆယ်ဟာ ယူနိုက်တက်မှာ နေရာမရတာကြောင့် ဇန်နဝါရီမှာ ထွက်ခွာလိုနေတဲ့ လင်ဂတ်ကို ဝက်ဟမ်း အသင်းထက် လက်ဦးမှုရယူပြီး ခေါ်ယူဖို့ အရှိန်မြှင့်တင် ကြိုးပမ်းခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီဟာ ဇန်နဝါရီမှာ ဘာစီလိုနာထံ ပြောင်းရွှေ့လိုနေပြီး ထိုအတွက် လစာလည်း လျှော့ယူဖို့ ဆန္ဒရှိနေပါတယ်။

ဘရိုက်တန်ဟာ အစ်ဝစ်ချ်တောင်းကနေ ဂိုးသမား ခရစ္စတီယန် ဝဲလ်တန်ကို ပြန်လည်ခေါ်ယူပြီး ချန်ပီယံရှစ် ကလပ် တစ်ခုထံ ရောင်းချဖို့ အဆင်သင့် ဖြစ်နေပါတယ်။

အူဘာမီးယန်းဟာ စည်းကမ်းချိုးဖောက်ကာ ထရိန်နင်ကို ပျက်ကွက်ခဲ့မှုကြောင့် ဆောက်သမ်တန်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရတဲ့နောက် ၎င်းရဲ့ အာဆင်နယ်နဲ့ အနာဂတ်က သံသယရှိစရာ ဖြစ်လာပါတယ်။

ဟာလန်း ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ အေးဂျင့် ရွိုင်းအိုလာ ထုတ်ပြောတဲ့ အသင်းတွေထဲမှာ ချယ်ဆီး မပါဝင်ပေမယ့် လန်ဒန်ကလပ်ဟာ နွေမှာ ဟာလန်းကို ရဖို့ ကြိုးစားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်ကလပ်တွေဖြစ်တဲ့ လိုင်ယွန်နဲ့ ပီအက်စ်ဂျီတို့ဟာ မန်ချက်စတာမှာ နေရာ မရတော့တဲ့ တိုက်စစ်မှုး မာရှယ်ကို ယူနိုက်တက်ကနေ ခေါ်ထုတ်နိုင်အောင် ကမ်းလှမ်းမှု လုပ်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ကွီတာရဲ့ ချယ်ဆီး ကစားသမားဘဝက အဆုံးသတ်တော့မှာကို အသင်းဖော်တွေက စိုးရိမ်နေတာနဲ့အတူ နောက်နှစ်မှာ ၎င်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဘာစီလိုနာက ရေပန်းစားနေပါတယ်။

လိဒ်စ် ယူနိုက်တက်အသင်း ဟာ ဘလက်ဘန်း ဂိုးသွင်းစက် ဘန် ဘရီရက်တန် ဒီယက်ဇ်ကို စောင့်ကြည့်နေပေမယ့် ၎င်းရဲ့ ခေါ်ဈေးက ပေါင် ၂၅ သန်းကို ကျော်လွန်နေတာကြောင့် အနားမကပ်နိုင် ဖြစ်နေပါတယ်။