ဒေါ့မွန်မှ ဘယ်လင်ဟမ်နဲ့ လေဗာကူဆန်မှ ဖလော်ရီယန် ဝစ်ဇ်တို့ နှစ်ဦးလုံးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ရေဒါထဲမှာ ရှိနေကြောင်း စပိန်မာကာ သတင်းဌာနက ဖော်ပြထားပါတယ်။ ရီးရဲလ်ရဲ့ ထိပ်တန်း ပစ်မှတ် ၇ ဦး စာရင်း ရှိနေပြီး အဲဒီထဲမှာ ဟာလန်းနဲ့ အမ်ဘတ်ပီတို့လည်း ပါဝင်ပါတယ်။
၂၀၂၃ မှာ မန်စီးတီးနဲ့ စာချုပ်ကုန်ဆုံးမယ့် နည်းပြ ပက် ဂွာဒီယိုလာကို နယ်သာလန် လက်ရွေးစင် အသင်းက ကမ်းလှမ်းဖွယ် ရှိကြောင်း သတင်းထွက်နေပါတယ်။
လီဗာပူးအသင်းဟာ ဖူလ်ဟမ်မှ တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်သမားလေး ဖာဘီယို ကာဗယ်ဟိုကို စောင့်ကြည့်နေတယ် လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။ ကာဗယ်ကို စောင့်ကြည့်နေတဲ့ အခြား ကလပ်တွေလည်း အများအပြား ရှိပေမယ့် လီဗာပူးက ကမ်းလှမ်းမှုတော့ မလုပ်သေးကြောင်း သိရပါတယ်။
 
 
အက်သလက်တီကို မက်ဒရစ်ဟာ ချယ်ဆီး ခံစစ်သမား မားကို့စ် အလွန်ဆို ကို ပစ်မှတ်ထားနေကြောင်း စပိန် မာကာ သတင်းဌာနက ဆိုပါတယ်။
ဂျူဗင်တပ်နဲ့ ဆီဗီလာတို့ဟာ မာဆေးတိုက်စစ်မှူး မီလစ်ကို အငှားခေါ်ယူချင်နေပြီး ပြင်သစ်ကလပ်ထံ ဆက်သွယ်မှု လုပ်ခဲ့ပေမယ့် မာဆေးက အပြီးသတ် ရောင်းချဖို့ကို ပိုပြီး အလိုရှိနေတာပါ။
လိုင်လီဟာ ရာသီကုန်ရင် စာချုပ်သက်တမ်းကုန်မယ့် မန်ဒါဗာအတွက် လျော်ကြေးရအောင် ဒီလထဲမှာ ရောင်းချချင် နေသလို အက်သလက်တီကို မက်ဒရစ်က အဆိုပါ ဘယ်အစွန်လူကို စိတ်ဝင်စားနေပါတယ်။
ချယ်ဆီးအသင်းဟာ စတုဂတ် အသင်းမှ ဘယ်စွန်ခံစစ်သမား ဘွန်နာ ဆိုဆာ ကို စိတ်ဝင်စားနေကြောင်း စကိုင်းစပေါ့ ဂျာမနီက ဖော်ပြထားပါတယ်။ အသက် ၂၄ နှစ် အရွယ် ဆိုဆာ ကို အက်စတွန်ဗီလာနဲ့ အင်တာတို့ကလည်း ချိတ်ဆက်နေပြီး ၎င်းက ယူရို သန်း ၃ဝ ဝန်းကျင်နဲ့ ရရှိနိုင်ဖွယ် ရှိပါတယ်။

ဂျူဗင်တပ်ဟာ ဂျီနိုအာ ဘယ်အစွန်လူ ကမ်ဘီယာဆိုကို ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။ ၎င်းဟာ အမ်ပိုလီမှာ အငှား ကစားရာကနေ ပြန်ရောက်လာပြီးထဲက အဓိက ကစားသမား တစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၂၃ မတိုင်ခင်အထိ စာချုပ်သက်တမ်းရှိနေပါတယ်။
နာပိုလီဟာ ဂီတာဖေး နောက်ခံလူ အိုလီဗီယာအတွက် ယူရို ၁၀ သန်းဝန်းကျင်နဲ့ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ ကမ်းလှမ်းမှု လုပ်ထားပြီး စပိန်ကလပ်ဘက်က လက်ခံရင် ဒီလထဲမှာ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ပါတယ်။
လာဇီယိုဟာ နောက်ခံလူ လူးဝစ်ဖိလစ်ပီ တောင်းဆိုတဲ့ လေးနှစ်စာချုပ်နဲ့ လုပ်ခ ယူရို ၂.၁ သန်းကိုပေးဖို့ ဝန်လေးနေပေမယ့် ရိုးမားက သူလိုချင်တာပေးပြီး ခေါ်ယူသွားဖို့ အသင့် ဖြစ်နေပါတယ်။
တိုရီနိုဟာ ကက်ဂလီယာရီကနေ ကွင်းလယ်လူ ဘာဆယ်လီကို ၆ လစာချုပ်နဲ့ ခေါ်ယူမှာဖြစ်ပြီး နောက်ထပ် ၂ ရာသီ သက်တမ်းတိုးခွင့် ရွေးချယ်စရာကိုလည်း ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
