မန်စီးတီးရဲ့ နိုင်ပွဲဆက်မှတ်တမ်းဟာ ဆောက်သမ်တန်ကြောင့် ရပ်တန့်သွားခဲ့တာနဲ့အတူ လက်ရှိချန်ပီယံတွေရဲ့ ခြေချော်မှုကို လီဗာပူးနဲ့ ချယ်ဆီးတို့ အခွင့်ကောင်းယူပြီး နိုင်ပွဲကိုယ်စီ ရယူခဲ့တာက သိပ်အရေးကြီးပါတယ်။
လီဗာပူးအသင်းဟာ ဆဲဟက်စ်ပက်ခ်မှာ ၃-၁ နဲ့ အနိုင်ရယူခဲ့တာနဲ့အတူ ဒီနိုင်ပွဲက မန်စီးတီးထံ သတိပေးလိုက်တာလားလို့ ယာဂင်ကလော့ပ်ကို မေးမြန်းခဲ့ရာမှာ ၎င်းက “မဟုတ်ပါဘူး။ အမှတ်ကွာဟချက်က ဒီလိုပြောဖို့ အရမ်းဝေးပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ဘာသာ နိုင်ပွဲတွေရယူဖို့ပဲ လိုတယ်။ နောက်ဆုံး လအနည်းငယ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့ ” လို့ ဖြေကြားခဲ့ပါတယ်။
မန်စီးတီးနဲ့ လီဗာပူးကြားမှာ ရမှတ် ၉ မှတ်ကွာနေပေမယ့် လီဗာပူးက တစ်ပွဲလျော့ ကစားထားတာပါ။ လက်ကျန် ၁ ပွဲကို အနိုင်ရမယ်ဆိုရင် လီဗာပူးက မန်စီးတီးနဲ့ ၆ မှတ်အကွာကို ရောက်သွားမှာဖြစ်တယ်။ သူတို့ နှစ်သင်းကြား ထိပ်တိုက်တွေ့မယ့် ပွဲစဉ်လည်း ရှိနေသေးတာကြောင့် အဆိုပါပွဲမှာ လီဗာပူးက အနိုင်ရရင် ချန်ပီယံ မျှော်လင့်လို့ ရနိုင်ဆဲဖြစ်ပါတယ်။

ချယ်ဆီးကလည်း ဒါဘီပြိုင်ဘက် စပါးကို အနိုင်ရခဲ့ပြီး ဒုတိယအကျော့မှာတော့ အဓိက ပြိုင်ဘက် နှစ်သင်းလုံးဖြင့် ကစားထားခဲ့ပြီဖြစ်ပါတယ်။ တူချယ်ကတော့ စပါးကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ပွဲအပြီးမှာ ချယ်ဆီးရဲ့ ဖလားအခွင့်အရေးနဲ့ ပတ်သက်ပြီး လျှောချပြောဆိုခဲ့တာပါ။
“ အမှတ်ပေးဇယားက အမှတ်ပေးဇယားပါပဲ။ ရက်တိုင်းမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို သက်သေပြဖို့ တာဝန်ရှိတယ်။ အခု ရာသီဝက် အားလပ်ရက်ရောက်ပြီ။ ကျွန်တော်တို့လိုချင်တဲ့ စွမ်းဆောင်ရည်မျိုးနဲ့အတူ အားလပ်ရက်ကို စတင်ခဲ့ရတာက အရေးကြီးပါတယ်။ ဒါကို ကျွန်တော်တို့ လိုအပ်ခဲ့တယ်။
ဒါပေမယ့် ပိုကောင်းအောင် လုပ်ဖို့လည်း လိုပါတယ်။ ဘောလုံးရာသီက ကျွန်တော်တို့အတွက် ရှည်လျားတဲ့ ကာလတစ်ခုဖြစ်ခဲ့တာကြောင့် ကစားသမားတွေ အရမ်းပင်ပန်းနေကြပြီ ” လို့ တူချယ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
