ဆုယူတဲ့ ဒိုလေး၊ လမ်းပတ်၊ ဒီယက်စ်၊ ဂွီမာရက်စ်တို့နဲ့ နေ့လည်ခင်း အပြောင်းအရွှေ့ သတင်းများ

အဲဗာတန်အသင်းဟာ လမ်းပတ်ကို မန်နေဂျာအဖြစ် ခန့်အပ်ဖို့ အတော်လေး နီးစပ်နေပြီး စာချုပ်ကာလနဲ့ လုပ်ခပိုင်းလို အသေးစိတ်ကျတဲ့ ကိစ္စတွေကို ဆက်လက် ဆွေးနွေးဖို့ပဲ ကျန်ရှိပါတယ်။

ရောနယ်ဒိုဟာ Globe Soccer’s Top Scorer of All Time ဆုအတွက် သောကြာနေ့တုန်းက ဒူဘိုင်းမှာ ဆုလက်ခံ ရယူခဲ့ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမှုပါ ပြုလုပ်ခဲ့ပါတယ်။

လိုင်ယွန်အသင်းဟာ ဂွီမာရက်စ်ကို နယူးကာဆယ်ထံ ရောင်းထုတ်ပြီးတဲ့နောက် စပါးအသင်းမှ ကွင်းလယ်လူ လိုဆယ်ဆိုကို ရာသီကုန်ထိ အငှားဖြင့် ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။

တိုက်စစ်မှူး အူဘာမီယန်းကို ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့က အငှား ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြပြီ ဖြစ်ပါတယ်။

ဒီယက်စ်အတွက် လီဗာပူးအသင်းက နောက်ကျ ကမ်းလှမ်းမှု ပြုလုပ်ပြီး ခေါ်ယူနိုင်ဖို့ အရေးသာသွားခြင်းကို စပါးဘက်က အတော်လေး ဒေါသထွက်နေပါတယ်။ ဒီယက်စ်က လန်ဒန်ကလပ်ကို ပယ်ချပြီး လီဗာပူးအသင်းထံပဲ ပြောင်းလိုကြောင်း အေးဂျင့်နဲ့ ကလပ် တာဝန်ရှိသူတွေကို ပြောဆိုထားပါတယ်။

ဒေါ့မွန်ဟာ ဟာလန်းရဲ့ နေရာကို အစားထိုးဖို့အတွက် ဆက်အူအိုလို တိုက်စစ်မှူး စကာမက်ကာကို ယူရို ၄၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ချိန်ရွယ်နေပါတယ်။

လီဗာပူးဟာ ဒီနွေမှာ ဖရီးအေးဂျင့် ဖြစ်တော့မယ့် ပေါလို ဒိုင်ဘားလားရဲ့ ရနိုင်ခြေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဂျူဗင်တပ်ထံ ဆက်သွယ်မှု လုပ်ခဲ့ပါတယ်။

အယ်ချီဟာ အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး လူးကပ် ဘွိုင်ရီကို ယူရို ၂၅ သန်းရရင် ရောင်းမယ်လို့ သတင်းပေးခဲ့ပါတယ်။

အန်ဒွန်ဘီလီဟာ လီဂူးဝမ်းကို ပြန်ဖို့ နီးစပ်နေပြီဖြစ်ပြီး ပီအက်စ်ဂျီအနေနဲ့သူ့လစာ အကုန်လုံးကို ပေးမယ်ဆိုရင် စပါးက အငှားချပေးသွားမှာ ဖြစ်ပါတယ်။

ဘာကာဟာ သောမတ်စ်မူနီယာကို အငှား ခေါ်ယူဖို့အတွက် ဒေါ့မွန်ထံ ဆက်သွယ်မှု လုပ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါကလပ်ကလဲ သဘောတူညီမှုရဖို့ လမ်းဖွင့်ပေးထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချယ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် နောက်ခံလူ ကွီတာကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ အပြိုင်ကြိုးစားသွားမှာပါ။

နယူးကာဆယ်နဲ့ အဲဗာတန်တို့ဟာ ၂၀၂၃ မတိုင်ခင်အထိသာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်ရှိနေတဲ့ သောမတ်စ်မူလာရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။