ဗန်ဒီဘိခ်အတွက် အပြိုင် ၂သင်း၊ ချူဝါမီနီ တန်ကြေး၊ ဘန်လေကို ငြင်းတဲ့ ရမ်ဆေးနဲ့ ညပိုင်း အပြောင်းအရွှေ့ သတင်းများ

ခရစ္စတယ်ပဲလေ့စ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဗန်ဒီဘိခ်ကို အငှား ခေါ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ ပြောဆိုနေခဲ့ပေမယ့် အဲဗာတန်ကလည်း အပြောင်းအရွှေ့ မပိတ်ခင် အမှီ ဗန်ဒီဘိခ် ကို ခေါ်ဖို့ ဝင်ရောက် ကြိုးပမ်းလာပါတယ်။

အဲဗာတန် အသင်းဟာ နည်းပြသစ် အဖြစ် ချယ်ဆီး နည်းပြနဲ့ ကစားသမားဟောင်း ဖရန့်လမ်းပတ်ကို ခန့်အပ်တော့မှာ ဖြစ်ပြီး လမ်းပတ်က ဗန်ဒီဘိခ်ကို ခေါ်ယူစေချင်နေတာပါ။

ဒါဘီ အသင်း မန်နေဂျာ ဝိန်း ရွန်းနီက ၎င်းကို အဲဗာတန် နည်းပြ ရာထူးအဖြစ် ကမ်းလှမ်းခဲ့သေးကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပြီး ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ ဒါဘီကို ပစ်ပယ်မထားခဲ့လိုဘဲ အတူ ဆက်လက် ကြိုးစားဖို့ ရွေးချယ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ တနင်္လာနေ့ မတိုင်ခင် ရမ်ဆေးကိစ္စကို တွန်းအားပေး ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ရမ်ဆေးကို ဘန်လေ အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားပေမယ့် ကစားသမားက အသင်းပြောင်းဖို့ ငြင်းပယ်ထားပါတယ်။

ဂျူဗင်တပ်ရဲ့ အာသာ မယ်လို ကို ခေါ်ချင်တဲ့ အာဆင်နယ်နဲ့ ညှိနှိုင်းမှုကလည်း အဆင်မပြေဘဲ ပျက်ပြယ်သွားဖို့ များသွားပြီ ဖြစ်ပါတယ်။

လီဗာပူးနဲ့ ပေါ်တို အသင်းတို့ဟာ တောင်ပံကစားသမား လူးဝစ် ဒီယက်စ် အပြောင်းအရွှေ့ အတွက် စာရွက်စာတမ်းတွေ အပြီးသတ်ဖို့ အမြန် လုပ်ဆောင်နေပါတယ်။ ဒီယက်စ်ကို လီဗာပူးက ၅ နှစ် စာချုပ် ချုပ်ဆိုမှာပါ။

မိုနာကို အသင်းဟာ ဥရောပ ထိပ်သီးတွေ ဖြစ်တဲ့ ပီအက်စ်ဂျီ၊ ရီးရဲလ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီး အသင်းတို့ အပြိုင် ချိတ်ဆက်နေကြတဲ့ ကွင်းလယ်ကစားသမား ချူဝါမီနီ အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို သန်း ၈ဝ ရမှ ဖြစ်မယ်လို့ တောင်းဆိုထားပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ပေါ့ဘာဟာ ယူနိုက်တက်မှာ ရန်းနစ်သာ အမြဲတမ်း နည်းပြ အဖြစ် ဆက်လက် တာဝန်ယူမယ် ဆိုရင် မန်ချက်စတာ ကလပ်မှာ ဆက်နေဖို့ ဆုံးဖြတ်ဖွယ် ရှိကြောင်း သိရပါတယ်။ ပေါ့ဘာဟာ ရန်းနစ်နဲ့ ဆက်ဆံရေး အဆင်ပြေနေတာပါ။