ကာဗာနီနဲ့ မာတာ၊ အွန်နရီ လက်သစ်၊ ဆာလာနေရာ အစားထိုးမယ့်သူနဲ့ ယနေ့ အပြောင်းအရွှေ့ သတင်းများ

တော့တင်ဟမ် စပါးနည်းပြ ကွန်တီ က ဇန်နဝါရီမှာ အသင်းက ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် အသင်းက ထွက်ခွာသူတွေလည်း ရှိခဲ့တာကြောင့် လူစာရင်းက အင်အားတိုးလာတာ မဟုတ်ဘဲ အားနည်းနေဆဲ လို့ ပြောဆို လိုက်ပါတယ်။

လိဒ်စ် ကြယ်ပွင့် ရာဖင်ဟာက အသင်းရဲ့ သက်တမ်းတိုးစာချုပ်ကိစ္စ ဆွေးနွေးမှုများကို ရှောင်ဖယ်ပြီး အချိန်ဆွဲနေပါတယ်။ ရာဖင်ဟာ ကို လီဗာပူး အပါဝင် ထိပ်သီးအသင်းကြီးတွေက စောင့်ကြည့် ချိတ်ဆက်မှုတွေ ရှိနေတာပါ။

အရှေ့အလယ်ပိုင်းမှာ ကာတာနဲ့ ဆောဒီအာရေဗျ ဘက်က ကလပ်အသင်းတွေဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ သက်တမ်း မတိုးဘဲ လမ်းခွဲကြတော့မယ့် တိုက်စစ်မှုး ကာဗာနီ၊ ဝါရင့် ကွင်းလယ် မာတာ တို့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြပါတယ်။

အာဆင်နယ်အသင်းဟာ အွန်နရီ လက်သစ်လို့ နာမည်ထွက်နေတဲ့ အေစီမီလန် တိုက်စစ်မှုး ရာဖေးလီအို ကို ခေါ်ယူရန် ပစ်မှတ်ထားလာပါတယ်။ ၎င်း တန်ကြေးက ယူရို သန်း ၄ဝ ဝန်းကျင် ရှိနိုင်ပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါက အသင်း တိုက်စစ်မှုး မိုဆာလာ နေရာမှာလူငယ်ကြယ်ပွင့် ဟာဗေး အီးလီးယော့ နဲ့ ကစားသမားသစ် လူးဝစ်ဒီယက်စ် တို့ အစားထိုးလာနိုင်တယ်လို့ ယူဆနေပါတယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီ စူပါကပ်နဲ့ ဖီဖာကလပ် ကမ္ဘာဖလား ဆု ဖလားတွေ ရယူခဲ့ပေမယ့် ချယ်ဆီး အသင်းသားတွေဟာ ထိုဖလားတွေ အတွက် ဘောနပ်စ်ဆုကြေးတော့ ရရှိဖွယ် မရှိပါဘူး။ ၎င်းတို့ စာချုပ်တွေမှာ ထိုဆုဖလားတွေ အတွက် ထည့်သွင်း မထားခဲ့တာကြောင့် ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အမြဲတမ်း နည်းပြ နေရာအတွက် ပိုချက်တီနို ကိုချည်း အသည်းအသန် ကြိုးစား မနေသင့်ဘဲ လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာနဲ့ ဘရိုက်တန် နည်းပြ ဂရေဟမ် ပေါ်တာ တို့ကို စဉ်းစားသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။