လီဗာပူးရဲ့ ယူရို သန်း ၉၀ တန် တိုက်စစ်ပစ်မှတ်၊ လန်ဒန်နှစ်သင်း အပြိုင်လိုက်နေတဲ့ အိုလစ်စ်နဲ့ သတင်းတိုများ

ဘာစီလိုနာက ချယ်ဆီး ခံစစ်မှုး ကွီတာ အတွက် ၂ နှစ်နှစ် စာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ အသက် ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ ဝါရင့် ခံစစ်မှုးက ဒီရာသီကုန်မှာ ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုး ဖို့ သဘောတူညီမှု မရသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်ဟာ လိုက်ပ်ဇစ် တိုက်စစ်သမား အမ်ကွန်ကူကို လာမယ့် နွေမှာ ခေါ်ယူဖို့ စဉ်းစားနေပြီး ၎င်း အတွက် တန်ကြေး ယူရို ၇၅ သန်းထိ ပေးရဖို့ ရှိနေကြောင်း ဂျာမန်သတင်းတွေ့ ဖော်ပြထားပါတယ်။ အန်ကွန်ကူရဲ့ လက်ရှိ စာချုပ်က ၂၀၂၄ ထိ ရှိသေးတာကြောင့် လိုက်ပ်ဇစ်က ဈေးပေါပေါနဲ့ လက်လွှတ်မှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းဟာ လာမယ့် လာတွေ အတွင်း အင်တာမီလန် တိုက်စစ်မှုး မာတီနက်ဇ် ကို ခေါ်ယူဖို့ လှုပ်ရှားလာမှာ ဖြစ်ကြောင်း သတင်းထွက်နေပါတယ်။ အသက် ၂၄ နှစ် အရွယ် ကစားသမားရဲ့ တန်ကြေးက ယူရို သန်း ၉၀ ထိ ရှိနေပြီး ဒီရာသီ စီးရီးအေ ၂၃ ပွဲ ကစားပြီးချိန်မှာ မာတီနက်ဇ်က ၁၁ ဂိုး သွင်းထားပါတယ်။

အာဆင်နယ်နဲ့ ချယ်ဆီး အသင်းတို့ဟာ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်သမား မိုက်ကယ် အိုလစ်စ် ကို အပြိုင် ကြိုးစားလာကြောင်း သတင်း ထွက်လာပါတယ်။ အိုလစ်စ်ကို အဲဗာတန်၊ ဘိုင်ယန်မြူးနစ်နဲ့ လိုင်လီတို့ကလည်း ချိတ်ဆက်နေပါတယ်။

အာဆင်နယ်အသင်းဟာ နည်းပြ မီခေးလ် အာတီတာကို လာမယ့်နွေမှာ တစ်နှစ် လုပ်ခ ပေါင် ၈.၃ သန်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။

စပိန်က သတင်းတွေ အရ ဂျူဗင်တပ် တိုက်စစ်သမား ဒိုင်ဘားလားဟာ ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။ အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ ဂျူဗီနဲ့ စာချုပ် ကုန်ဆုံးဖို့ လပိုင်း အလို ရောက်နေပေမယ့် သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးပါဘူး။

ယူနိုက်တက် ကွင်းလယ်သမား ဖရက်က ရာသီဝက်မှာ နည်းပြ အပြောင်းအလဲ လုပ်တာက အားလုံး အတွက် အခက်တွေ့စေကြောင်း ထောက်ပြခဲ့ပြီး အသင်းက ရေရှည် အစီအစဉ်တွေ လုပ်ရမယ့် အစား ရေတို ဖြေရှင်းမှုတွေနဲ့ ရှေ့ဆက်နေရကြောင်း ပြောဆိုလိုက်ပါတယ်။

နော့တင်ဟမ် ဖောရက်စ်ဟာ ဝက်စ်ဟမ်းအသင်း ချိတ်ဆက်နေတဲ့ သူတို့ တောင်ပံတိုက်စစ်သမား ဘရီနန် ဂျွန်ဆင် ကို သက်တမ်းတိုးဖို့ ဆွေးနွေးမှု စတင်တော့မှာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ဂျွန်ဆင်ရဲ့ စာချုပ်က ၂၀၂၃ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ၎င်းကို ဘရန့်ဖို့ဒ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကလည်း စိတ်ဝင်စားနေပါတယ်။

အင်တာမီလန်က လာမယ့်နွေမှာ မန်စီးတီး တိုက်စစ်သမား ဂါဘရီရယ် ဂျီဆုကို ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။ မာတီနက်ဇ် ကလည်း နွေမှာ ထွက်ခွာဖွယ် ရှိတာကြောင့် အင်တာက အစားထိုးနိုင်မယ့်သူ ရှာဖွေနေတာပါ။