စပါးရဲ့ အဆင့် ၄ ပြိုင်ဘက်တွေကို ခြိမ်းခြောက် စကားလေးတွေ အမှာပါးလိုက်တဲ့ ကွန်တီ

အန်တိုနီယို ကွန်တီရဲ့ စပါးဟာ ချောက်ကမ်းပါးအစွန်းကို ရောက်ရှိပြီး ရက်အနည်းငယ် အကြာမှာ ရလဒ်ကောင်းတစ်ခု ပြန်လည် ရယူနိုင်ခဲ့ပါပြီ။

မြောက်လန်ဒန်သားတွေအတွက် လေပွေလို လျင်မြန်တဲ့ ရက်အနည်းငယ်အတွင်း ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ စနေနေ့က မန်စီးတီးကို အံ့အားသင့်ဖွယ် အနိုင်ရရှိအောင် ကူညီပေးခဲ့တာပါ။ အဲ့ဒီ့နောက် ဘန်လေကို ရှုံးနိမ့်ခဲ့တာက ကွန်တီအတွက် စပါးနဲ့ အနာဂတ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် အယ်လန်းရုတ်ဒ်မှာ လိဒ်စ်ကို အနိုင်ရခဲ့တဲ့နောက် အီတလီသားဟာ ပိုကောင်းတဲ့ စိတ်ဓာတ်ကို ပြသခဲ့တဲ့ သူ့ကစားသမားတွေကို ချီးကျူးစကားဆိုခဲ့ပါတယ်။ စပါးဟာ အစောပိုင်းပွဲမှာ လိဒ်စ်ကို ၄-၀ နဲ့ အနိုင်ရခဲ့ချိန် ယူနိုက်တက်က ဝက်ဖို့ဒ်နဲ့ ဂိုးမရှိ သရေကျခဲ့တာပါ။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ကွန်တီက “ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့ အသင်းရဲ့ စနစ်နဲ့ ပတ်သက်ပြီး ကျွန်တော့် အမှတ်အသားကို မြင်ခဲ့ရတယ်။ တောင်ပံခံစစ် တစ်ယောက်က ဖန်တီးပေးပြီး တခြား တောင်ပံခံစစ်တစ်ယောက်က ဂိုးသွင်းလိုက်တာမျိုးပေါ့။ ဒါက ကျွန်တော်တို့လုပ်နေတာတွေ အလုပ်ဖြစ်လာပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ရင်ဆိုင်ရ မလွယ်ကူတဲ့၊ တောင့်တင်းတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ပြီး ကျွန်တော်တို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ပြသခဲ့ပါတယ်။ ကျွန်တော်တို့ တကယ်ကို ကောင်းတဲ့ ပွဲတစ်ပွဲ ကစားခဲ့တာပါ။ ကျွန်တော် မြင်ချင်ခဲ့တဲ့အရာက တိုက်ပွဲဝင်ချင်တဲ့၊ ဘောလုံးရယူချင်တဲ့၊ မှန်ကန်တဲ့ စိတ်ဓာတ်ပါပဲ။

ဒီလိုအခြေအနေမှာ လိဒ်စ်က ကျွမ်းကျင်တဲ့ အသင်းတစ်သင်းပါ။ အများအားဖြင့် ကျွန်တော့်ရဲ့ အသင်းတွေက ကွင်းထဲမှာ အင်အားတောင့်တင်းရုံတင်မက စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ကောင်းမွန်တယ်။ ကျွန်တော်တို့ကို ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေက ဒါကို သိထားရမှာပါ။

ဒီအတွက်လည်း ကျွန်တော်တို့ လုပ်နေပါတယ်။ ဘန်လေကို ရှုံးခဲ့ပြီးနောက်မှာ ဒီအဖြေအတွက် ကျွန်တော် မေးခွန်းထုတ်ခဲ့တယ်။ အဲ့ဒီ့ပွဲကို ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တာက ပြိုင်ဘက်က ပိုပြီး စိတ်ဓာတ်အားကောင်းခဲ့လို့ပါ ” လို့ ထိပ်ဆုံးက အသင်းတွေကို သတိပေးစကား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စပါးနဲ့ ယူနိုက်တက်တို့ဟာ မကြာခင်မှာ ထိပ်တိုက်တွေ့ဖို့ ရှိနေသေးကာ အခြားသော အဆင့် ၄ ပြိုင်ဘက် အာဆင်နယ်က အားလုံးထဲမှာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ခိုင်မာတဲ့ နေရာတစ်ခု ရရှိထားဆဲ ဖြစ်ပါတယ်။