ဂျူဗီ အင်တာတို့ ကင်းထောက်နေတဲ့ ချယ်ဆီးအသင်းသား၊ နှစ်လအတွင်း ရလဒ်ကောင်းများနဲ့ ချယ်ဆီး သတင်းများ

ချယ်ဆီးအသင်းဟာ နောက်လထဲ ဝင်ဘာလေမှာ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲမှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တဖက်မှာ မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့နေပြီး ဗိုလ်လုပွဲမှာ စိန်ခေါ်မှုကြီး တွေ့ရဖွယ် ရှိပါတယ်။

ချယ်ဆီးအသင်းဟာ မတ်လ မကုန်ခင်မှာပဲ ပိုင်ရှင်အသစ်ထံ လက်လွှဲ ရောင်းချဖို့ ရှိနေပြီး ဘယ်သူ့ကို ရောင်းမယ် ဆိုတဲ့ အဆုံးအဖြတ် ဗီတို ကိုတော့ လက်ရှိ အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်က ပေးခွင့် ရှိနေပါတယ်။

The Athletic မှ သတင်းထောက် အဆိုအရ Raine Group ဟာ ဧပြီ ၂ ရက်နေ့ ဘရန့်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် ချယ်ဆီး အသင်းကို ဝယ်ယူမှု အပြီးသတ်နိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန် အသင်းတို့ဟာ ပဲလေ့စ်မှာ အငှား သွားရောက် ကစားပြီး ခြေစွမ်းပြနေတဲ့ ချယ်ဆီး လူငယ်လေး ကော်နာ ဂလယ်ဟားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ကင်းထောက်များ စေလွှတ် စောင့်ကြည့်နေပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ကွင်းပြင်က ပြသနာနဲ့ ဖိအားတွေ များပြားခဲ့ပေမယ့် ဇန်နဝါရီ ၂၃ က စလို့ လွန်ခဲ့တဲ့ ၂ လအတွင်း ၁၃ ပွဲ ကစားခဲ့ရာမှာ ၁၂ ပွဲ နိုင်ပြီး ၁ ပွဲသာ ရှုံးထားသည်ထိ ပုံစံကောင်း ထိန်းထားနိုင်ခဲ့ပါတယ်။