အာဆင်နယ်အသင်းနဲ့ ဆိုရင် ဆုဖလားကြီးတွေ အောင်မြင်မှု ရယူဖို့ ခက်ခဲတာကြောင့် နည်းပြ အာတီတာဟာ ဒီနွေမှာ လန်ဒန်ကလပ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ နဗီးလ်က ထုတ်ဖော် သတိပေးလိုက်ပါတယ်။
နည်းပြ မော်ရင်ညိုနဲ့ ရိုးမားအသင်းဟာ တိုက်စစ်မှုး တမ်မီ အေဗရာဟမ်ရဲ့ ခြေစွမ်းကို အားရကျေနပ်နေတာကြောင့် နွေမှာ ထုတ်ရောင်းဖို့ လုံးဝ ရည်ရွယ်မထားဘူးလို့ သိရပါတယ်။ ချယ်ဆီးအသင်းဟာ ယူရို သန်း ၈ဝ နဲ့ ပြန်ဝယ်ခွင့် ရှိပေမယ့် ထိုအချက်ကလည်း ၂၀၂၃ နွေမှ အသက်ဝင်မှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ချယ်ဆီးကွင်းလယ်သမား ကန်တေကို ချဉ်းကပ် ကမ်းလှမ်းခဲ့သေးပေမယ့် ကစားသမားက ငြင်းဆန် ပယ်ချခဲ့တယ် လို့ သိရပါတယ်။ ကန်တေက မွေးရပ်မြေသို့ ပြန်နိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ စပါးတိုက်စစ်မှုး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကမ်းလှမ်းရာမှာ မာရှယ်ကို အလိုက်ပေး ထည့်သွင်း ကမ်းလှမ်းဖို့ ကြံရွယ်နေပါတယ်။
အဲဗာတန်အသင်းဟာ ဘဏ္ဍာရေးအရ အရှုံးပေါ်နေတာကြောင့် လာမယ့် နွေမှာ ရစ်ချာလီဆန် ဒါမှမဟုတ် ကဲဗတ် လီဝင် ကို ရောင်းချပြီး ငွေဖော်ရဖို့ ရှိနေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြထားပါတယ်။
မီဆွတ် အိုဇေးလ်ရဲ့ အေးဂျင့် ဖြစ်သူ Erkut Sogut က အာဆင်နယ်မှာ အိုဇေးလ်က လစာ ၁၅% လျှော့ယူဖို့ ဘာဖြစ်လို့ လက်မခံခဲ့သလဲ ဆိုတာ ထုတ်ဖော် ရှင်းလင်းလိုက်ပါတယ်။

အိုဇေးလ်က သူ လစာ လျှော့ယူရင် အသင်း ဝန်ထမ်းတွေ အလုပ်၊ ရာထူး ဆက်တည်မြဲဖို့ အာမခံချက် ရလိုခဲ့ပြီး ထိုအတွက်သာ ဆိုရင် ၃၀% ထိ လျှော့ယူဖို့ ဆန္ဒ ရှိခဲ့တယ် လို့ ဆိုပါတယ်။
ဒါပေမယ့် လစာငွေတွေကနေ တခြား ကစားသမား ဝယ်ဖို့ ဆိုရင်တော့ ဒါကို လက်မခံလိုခဲ့ပါဘူး။ အိုဇေးလ်က သူလျှော့ယူတဲ့ လစာတွေက ဘယ်ရောက်မလဲ သေချာ သိလိုခဲ့ပြီး အသင်းဘက်က မရှင်းပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဒီရာသီအကုန်မှာ ဒေါက်ကလပ်စ် လူးဝစ်ကို ထွက်ခွာခွင့် ပြုဖို့ ရှိနေပြီး ၎င်း နေရာ အစားထိုးဖို့ အတွက် လိဒ်စ်ယူနိုက်တက်မှ ကွင်းလယ် ကြယ်ပွင့် ကယ်ဗင် ဖိလစ်စ်ကို မျက်စိကျနေပါတယ်။
