ဝင်ဘာလေမှာ လီဗာပူးနဲ့ မကျေပွဲ နွှဲရမှာကို တူချယ်နဲ့တကွ ချယ်ဆီးအသင်း ကျေနပ် ပျော်ရွှင်

ဒီရာသီ အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့ ကလပ် နှစ်သင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ကြမှာဖြစ်ပါတယ်။

လီဗာပူးအသင်းက စနေနေ့မှာ မန်စီးတီးကို ၃-၂ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို ကြိုတင် တက်ရောက်ထားပြီဖြစ်တယ်။ ဒီကနေ့မှာတော့ ချယ်ဆီးအသင်းက လန်ဒန်ပြိုင်ဘက် ပဲလေစ့်ကို အနိုင်ယူပြီး ဗိုလ်လုပွဲထံ တက်ရောက်ခဲ့ကာ ကာရာဘောင်းမှာ ထိပ်တိုက်တွေ့ထားတဲ့ လီဗာပူးနဲ့ တစ်ကျော့ပြန် ရင်ဆိုင်ရပြီဖြစ်ပါတယ်။

ချယ်ဆီးနည်းပြ တူချယ်ကပဲ ” မတူညီတဲ့ ပြိုင်ပွဲ ၃ ရပ်မှာ ၃ ပွဲကစားခဲ့ရတာက ကျနော်တို့အတွက် မလွယ်ကူခဲ့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ အရမ်းကို စိန်ခေါ်မှုကြီးပြီး မလွယ်ကူတဲ့ ပြိုင်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့ဟာ ဥရောပမှာ ပွဲကစားချိန် အများဆုံး အသင်းဖြစ်ပြီး ဒါက စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။

လီဗာပူးနဲ့ နောက်တစ်ကြိမ် ထပ်ပြီး ရင်ဆိုင်ရမှာအတွက် ကျနော်ကတော့ ပျော်ရွှင်နေမိတယ်။ ဒီထက်ပိုပြီး စိတ်လှုပ်ရှား ဂုဏ်ယူရတာမျိုး မရှိတော့ပါဘူး။ အက်ဖ်အေဖလားက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတစ်ရပ်ပါ။ ကျနော်တို့ အဆင်သင့်ဖြစ်နေပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီပွဲအတွက် အဖွင့်ဂိုး သွင်းယူခဲ့တဲ့ လော့တပ်ချိစ်ကလည်း ကလပ်အတွက် ပြန်လည် ပွဲထွက်ပေးနိုင်ခြင်းကော သွင်းဂိုး ရယူနိုင်ခြင်းအတွက်ပါ ကျေနပ် ပျော်ရွှင်နေပါတယ်။ ကာရာဘောင်းဖလားမှာ အရေးနိမ့်ခဲ့တဲ့ လီဗာပူးကို ဒီတစ်ကြိမ်မှာ အနိုင်ယူဖို့ သူက စိတ်ပြင်းပြနေခဲ့တာဖြစ်တယ်။

လော့တပ်ချိစ်ကပဲ ” လီဗာပူးကို ပြန်ပြီး လက်စားချေပါမယ်။ ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲက ပွဲကောင်းဖြစ်ခဲ့ပေမယ့် ကျနော်တို့ အနိုင်ရခဲ့သင့်တာပါ ” လို့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်အပြီး ထုတ်ပြောသွားတာပဲ ဖြစ်ပါတယ်။