ဟန်ဒါဆန် အတွက် ဈေးသတ်မှတ်ခြင်း၊ ဒိုလေး အာဆင်နယ် ခေါ်စေလိုသူနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ ဂိုးသမား ဒင်း ဟန်ဒါဆန်ကို လက်လွှတ်လိုနေပြီး ပေါင် သန်း ၄ဝ ရရင် ရောင်းချသွားဖို့ ရှိနေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။

အသက် ၂၅ နှစ် အရွယ် အင်္ဂလန်သား ဂိုးသမားဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အတွက် ၃ ပွဲသာ ကစားထားရပြီး ပရီးမီးယားလိဂ် တစ်ပွဲမှ မကစားထားရပါဘူး။ ဟန်ဒါဆန် ကိုယ်တိုင်ကလည်း မန်ချက်စတာကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။

အီတလီသတင်းဌာနတွေ အဆိုအရ ယူနိုက်တက် နည်းပြသစ် ဖြစ်လာမယ့် အဲရစ် တန်ဟက်ဟာ ဂျူဗင်တပ် တိုက်စစ်သမား ဒိုင်ဘားလား ကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။

ဒိုင်ဘားလားက ရာသီကုန်မှာ ဂျူဗင်တပ်နဲ့ စာချုပ် ကုန်ဆုံးမှာ ဖြစ်လို့ အလွတ်နဲ့ ရနိုင်မှာ ဖြစ်ပြီး ၎င်းကို လန်ဒန် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ကလည်း ချိတ်ဆက်နေပါတယ်။

နောဝစ်ချ် ကို ၃-၂ နဲ့ အနိုင်ရတဲ့ ပွဲမှာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ ကလပ်အသင်း အတွက် ပွဲ ၃ဝဝ မြောက် ကစားခဲ့တာ ဖြစ်ပါတယ်။ ရက်ဖို့ဒ်က ဒီဂျာစီကို ဝတ်ကစားရတိုင်း အမြဲ စပါယ်ရှယ် ဖီလင် ခံစားရမြဲပါ လို့ တွစ်တာကနေ ဆိုခဲ့ပါတယ်။

ဒီစနေ နောဝစ်ချ်ကို နိုင်တဲ့ ပွဲ အပြီးမှာ အာဆင်နယ် ကစားသမားဟောင်းကြီး အီယန်ရိုက် ကတော့ ယူနိုက်တက် တိုက်စစ်မှုး ရော်နယ်ဒို ဟာ အာဆင်နယ် လိုအပ်နေတဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ချီးကျူးပြီး သူ့အသင်းဟောင်းကို ရော်နယ်ဒို ခေါ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

နည်းပြ တန်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက် ကို တာဝန်ယူရင် သူ့ရဲ့ လက်ရှိ အေဂျက်အသင်းက လက်ထောက် မန်နေဂျာ ဗန်ဒါဂတ် ကိုလည်း တပါတည်း ခေါ်ဆောင်လာဖို့ ဆုံးဖြတ်ထားကြောင်း Mirror သတင်းက ဖော်ထုတ် ထားပါတယ်။

ဗန်ဒါဂတ်ဟာ တန်ဟက်နဲ့ အတူ လက်တွဲ အလုပ်လုပ်နေတာ နှစ်အနည်းငယ် ကြာပြီ ဖြစ်ပြီး အတူညီတဲ့ အမြင်တွေနဲ့ ကူညီနိုင်သလို ကစားသမားတွေ ကို စီမံရာမှာ ထူးချွန်တယ်လို့လည်း သိရပါတယ်။