မန်ချက်စတာ ယူနိုက်တက်ဟာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ကို ရရှိဖို့ အလိုက်ပေး လဲလှယ်တဲ့ အနေနဲ့ ရက်ရှ်ဖို့ဒ်နဲ့ အဲလက်စ် တဲလက်စ်တို့ကို ပေးဖို့ ဆန္ဒရှိနေပါတယ်။
ဖီအိုရင်တီးနား ဂိုးသမား ဒရာဂိုးစကီးဟာ ဇွန်လမှာ စာချုပ်သက်တမ်းကုန်မယ့် ဖေဘီယန်စကီးရဲ့ ရေရှည် ဆက်ခံသူအဖြစ် ဝက်စ်ဟမ်းရဲ့ ပစ်မှတ်ထားခံနေရပါတယ်။
အာဆင်နယ် အသင်းဟာ မန်စီးတီး တိုက်စစ်မှုး ဂါဘရီရယ် ဂျီဆုရဲ့ အေးဂျင့် ကိုယ်စားလှယ်တွေနဲ့ အပြောင်းအရွှေ့ ကိစ္စ ပြောဆိုမှုများ စတင်ထားပြီလို့ GOAL က ဖော်ပြထားပါတယ်။

မိုချင်ဂလက်ဘက်ဟာ အာဆင်နယ်နဲ့ ချိတ်ဆက်နေတဲ့ တိုက်စစ်မှူး မားကပ်သူရမ်ကို ရောင်းထုတ်ဖို့ စိတ်ပါနေပါတယ်။ သူရမ်ဟာ ၂၀၂၃ မှာ ဖရီးအေးဂျင့် ဖြစ်တော့မှာဖြစ်လို့ ဂလက်ဘက်က ဒီနွေမှာ သူ့အတွက် ပေါင် ၁၅ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားပေးသွားမှာပါ။
ဘာစီလိုနာဟာ ချယ်ဆီး ခံစစ်သမား ရူဒီဂါရဲ့ အေးဂျင့်ဖြစ်သူနဲ့ စကားပြောဆိုခဲ့ကြောင်း ဘောလုံးဒါရိုက်တာ အလီမာနီက အတည်ပြုခဲ့ပေမယ့် သူတို့ဟာ နောက်ခံလူရဲ့ အပြောင်းအရွှေ့အတွက် မဆွေးနွေးခဲ့ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။
 
 
အာဆင်နယ်ဟာ နောက်ထပ် ကြယ်ပွင့် တိုက်စစ်မှုး တစ်ဦး ဖြစ်တဲ့ နာပိုလီမှ ဗစ်တာ အိုဆီမန် ကိုလည်း ချိတ်ဆက်နေဆဲပါ။ နိုင်ဂျီးရီးယား လက်ရွေးစင် ကစားသမားကို နယူးကာဆယ်ကလည်း ချဥ်းကပ်ခဲ့ပြီး အာဆင်နယ်က ယူရို သန်း ၁ဝဝ ထိ ကမ်းလှမ်းမယ် ဆိုရင်တော့ အပြောင်းအရွှေ့ ဖြစ်လာဖွယ် ရှိပါတယ်။
လိဒ်စ်ဟာ ကိုလုံးနောက်ခံလူ တီမိုဟူဘားစ်ကို ကင်းထောက်လှမ်းနေခဲ့ပါတယ်။ ၂၀၂၃ အထိ စာချုပ်ရှိထားပေမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆ သန်းနဲ့ ရနိုင်မယ့် ကစားသမားကို လိဒ်စ်က နွေရာသီမှာ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။
အက်စ်တွန်ဗီလာဟာ မာဆေးထံကနေ ကာမာရာနဲ့ ကာလီတာကားတို့ကို ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။ ကွင်းလယ် ခံစစ် ကာမာရာက ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မှာဖြစ်ပြီး ဗဟိုနောက်ခံလူ ကာလီတာကားရဲ့ ပြောင်းရွှေ့ကြေး က များပြားနိုင်ပေမယ့် ဗီလာကတော့ ဂျရတ်အတွက် နှစ်ယောက်လုံးကို ခေါ်ယူပေးဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ဂျူဗင်တပ်ဟာ အိန်ဂျယ် ဒီမာရီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ပီအက်စ်ဂျီဟာ ၎င်းရဲ့ စာချုပ်ပါ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်က ဒီနွေမှာ ခေါ်ယူသွားဖို့ မျှော်လင့်နေတာပါ။
