အဓိက ပစ်မှတ်တွေကို ခေါ်ယူပြီးရင် လာမယ့်ရာသီ ဖြစ်လာနိုင်မယ့် တူချယ်ရဲ့ ပွဲထွက်လူစာရင်း

ချယ်ဆီးအသင်းဟာ ဒီနွေမှာတော့ ခံစစ်ကစားသမားတွေကို လက်လွတ်ရဖို့ ရှိနေကာ လူစာရင်းကို ပြန်လည် တည်ဆောက်မှု လုပ်ရမှာဖြစ်ကြောင်း Mirror သတင်းဌာနက အခုလို ဖော်ပြပါတယ်။

ချယ်ဆီးအသင်း ပိုင်ရှင် အပြောင်းအလဲ ဖြစ်လာမှာနဲ့အတူ နွေမှာ အဓိက အသင်းသား အချို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာ ဖြစ်ပါတယ်။ ပိုင်ရှင်သစ်တွေက အပြောင်းအရွှေ့ကနေ တူချယ်အတွက် ပံ့ပိုးမှုကြီးတွေ လုပ်ပေးမှာဖြစ်ပြီး ခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းမှာ အားဖြည့်မှုတွေ ရှိလာနိုင်တာဖြစ်တယ်။

ရူဒီဂါဟာ ချယ်ဆီးကနေ ထွက်ခွာဖို့ သေချာထားကာ ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှု ရယူနိုင်ပါတယ်။ ခရစ္စတန်ဆန်ကတော့ အနာဂတ် အသင်းကို ရဖို့ ချိတ်ဆက်နေဆဲဖြစ်ကာ ဘာစီလိုနာထံ ကွီတာနဲ့အတူ ရောက်သွားနိုင်တယ်လို့ သတင်းကြီးနေခဲ့တယ်။ ဒါဟာ ချယ်ဆီးခံစစ်က အဓိက ခံစစ်သမားတွေဖြစ်လို့ နွေမှာတော့ ခံစစ်ပိုင်းကို ကျိန်းသေပေါက် အားဖြည့်ရပါမယ်။

ဆီးဗီးလာ ခံစစ်သမား ကွန်ဒီဟာ ချယ်ဆီးရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်ကာ လက်စတာမှ ဖိုဖန်နာကတော့ နောက်ထပ် ပစ်မှတ်ပဲဖြစ်ပါတယ်။ သူတို့ နှစ်ဦးလုံးကို ခေါ်ယူဖို့ရာ ချယ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး အများအပြား သုံးရမှာဖြစ်တယ်။

ကွင်းလယ်မှာတော့ ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့က နောက်ရာသီပြီးရင် စာချုပ်ကုန်တော့မှာဖြစ်တာကြောင့် တစ်ခုခု စီစဉ်ရဖို့ ရှိနေပါတယ်။ ဂျော်ဂျင်ဟိုကို အီတလီဘက်က ချိတ်ဆက်မှု ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး တရားဝင် ကိစ္စတွေ ဖြစ်မလားက နွေမှ သိရမှာဖြစ်ပါတယ်။

ချယ်ဆီးဟာ ဝက်ဟမ်းအသင်းမှ ရိုက်ကို ခေါ်ယူလိုပေမယ့် လန်ဒန်ပြိုင်ဘက်ကလပ်က အနည်းဆုံး တစ်ရာသီ ဆက်ထိန်းလိုနေတာကြောင့် ပလန်ဘီအဖြစ် ချူအာမန်နီကို ချိတ်ဆက်ဖွယ် ရှိနေပါတယ်။ ဒီရာသီ ပဲလေစ့်မှာ တောက်ပနေတဲ့ ကော်နာကလည်း တူချယ်ရဲ့ အသင်းမှာ နေရာပြန်ရနိုင်ပါတယ်။

တိုက်စစ်မှာတော့ တူချယ်က ဟာဗက်ကိုပဲ ဦးစားပေးမှာဖြစ်ပြီး မောင့်နဲ့ ပူလီဆစ်တို့နဲ့ တွဲဘက်စေဖို့ကိုပဲ ပိုမို အားသန်မှာဖြစ်တယ်။ အခြားသော ရွေးချယ်စရာတွေအဖြစ် မောင့်၊ လူကာကူ၊ အိုဒွိုင်းတို့အပြင် ဆောက်သမ်တန်ကနေ ပြန်လာမယ့် ဘရိုဂျာလည်း ရှိနေမှာ ဖြစ်ပါတယ်။

တိုက်စစ်မှူး လူကာကူကို အသင်းဘက်က ဘယ်လို စီမံမယ်ဆိုတာ မသိရသေးပေမယ့် အင်တာမီလန်ကို ပြန်လည် ပြောင်းရွှေ့ဖို့ဆိုရင် လုပ်ခပိုင်း လျော့ယူရမယ်လို့ ကြားသိထားရပါတယ်။