ကလပ် ရောင်းချမှု အခြေအနေ၊ ပါရီဆစ် ကို ကြိုးစားခြင်း၊ ထွက်ခွာဖွယ် ရှိသူများနဲ့ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးနည်းပြ သောမတ်စ် တူချယ် က ပြိုင်ပွဲ ၆ ခုမှာ ပါဝင်အပြီး ဘောလုံးရာသီ သိမ်းသွားပေမယ့် အနားယူတာမျိုး မလုပ်နိုင်သေးဘဲ နွေမှာ သူ့အသင်း လူစာရင်းကို ပြန်တည်ဆောက်နိုင်ဖို့ ပြင်ဆင် ရမယ်လို့ ဆိုလိုက်ပါတယ်။

ဗြိတိန်အစိုးရဟာ ချယ်ဆီးအသင်းကို ပေါင် ၄.၂၄ ဘီလီယံနဲ့ ရောင်းချမှု လာမယ့် ၂၄ နာရီ အတွင်း အတည်ပြုပေးဖို့ ရှိကြောင်း ဘီဘီစီ သတင်းဌာနက ဆိုပါတယ်။ ဒါပေမယ့် အဓိက ပြီးစီးရမယ့် အချက်တွေကလည်း ကျန်နေသေးတယ် လို့ သိရပါတယ်။

လက်ရှိ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်ဟာ ပေါ်တူဂီ ပတ်စ်ပို့ ကိုင်ဆောင်ထားတာကြောင့် ထိုနိုင်ငံမှ ခွင့်ပြုချက် အတည်ပြုချက်တွေလည်း လိုနေသေးပြီး အခုထိ ပြင်းထန်တဲ့ ဆွေးနွေးမှုတွေ လုပ်နေရဆဲ လို့ ဆိုပါတယ်။ လက်ရှိမှာ ဗြိတိန်က ကလပ်အသင်းကို လုပ်ဆောင်ခွင့် အထူးလိုင်စင်ပဲ ပေးထားတာ ဖြစ်ပြီး မေ ၃၁ မှာ သက်တမ်း ကုန်မှာပါ။

ချယ်ဆီးက အမေရိကန် စီးပွားရေး လုင်ငန်းရှင် ဖြစ်ပြီး LA Dodgers ဘေ့စ်ဘောအသင်း ပိုင်ရှင် တစ်ဦးလည်း ဖြစ်တဲ့ တော့ဒ် ဘိုးလေ ထံ အသင်းကို ရောင်းချဖို့ သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။

အဲဗာတန် နည်းပြ ဖရန့်လမ်းပတ်ကတော့ ဟက်ဒါဖီးမှာ အငှားထွက် ကစားနေတဲ့ ချယ်ဆီး လူငယ် ခံစစ်သမား လယ်ဗီ ကိုးဝဲလ် ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ချယ်ဆီး၊ စပါး နဲ့ ဂျူဗင်တပ် အသင်းတို့ဟာ အင်တာမီလန် တောင်ပံတိုက်စစ်သမား ပါရီဆစ် ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေ ကြပါတယ်။ အင်တာနည်းပြ အင်ဇာဂီကတော့ ပါရီဆစ် ဟာ အင်တာမီလန်မှာပဲ ဆက်ရှိနေဖို့ မျှော်လင့် နေပါတယ်။

ချယ်ဆီးအသင်းမှ ဒီနွေ စာချုပ်ကုန်လို့ ထွက်ခွာဖို့ သေချာထားသူများက ရူဒီဂါနဲ့ ခရစ္စတန်ဆန် ဖြစ်ပြီး ကွီတာ၊ ဂျော်ဂျင်ဟိုနဲ့ ကန်တေ အပါအဝင် ချယ်ဆီးမှာ ဆက်ရှိဖို့ မရေရာဘဲ မေးခွန်းထုတ်ခံရသူတွေလည်း ရှိနေပါတယ်။

ချယ်ဆီးအသင်းရဲ့ အသက် ၂၆ နှစ် အရွယ် ခံစစ်မှုး ခရစ္စတန်ဆန် ဟာ လာမယ့် ရက်ပိုင်း အတွက် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြောင်း အတည်ပြု ကြေငြာတော့မှာပါ။ ၎င်းရဲ့ ချယ်ဆီးနဲ့ စာချုပ်က ဇွန်မှာ ကုန်ဆုံးပြီ ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် စပိန်သား အစွန်ခံစစ်သမား မားကို့စ် အလွန်ဆိုကလည်း ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ လှုပ်ရှားနေပြီး ချယ်ဆီးထံကနေ ထွက်ခွာခွင့် တောင်းခံတော့မယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းရဲ့ လူငယ်တိုက်စစ်မှုး ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ အာမန်ဒို ဘရိုဂျာ ကို အာဆင်နယ်၊ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ် အသင်းတို့ဟာ အပြိုင် ချိတ်ဆက်လာကြပါတယ်။ ဘရိုဂျာက ဒီရာသီ ဆောက်သမ်တန်မှာ အငှားထွက် ကစားနေခဲ့တာပါ။