စီးတီး ချယ်ဆီးတို့ အပြိုင်ချိတ်နေတဲ့ ကူကူရယ်လာ၊ ဆာလာနေရာ အစားထိုးပစ်မှတ်နဲ့ နေ့လည်ခင်း အပြောင်းရွှေ့ သတင်းများ

ဘရိုက်တန် အသင်းကတော့ သူတို့ အစွန်ခံစစ်သမား မာ့ ကူကူရယ်လာကို ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း ပေးရမယ် လို့ ချယ်ဆီးကို အကြောင်းပြန်လိုက်ပါတယ်။ စပိန်သားကို ရဖို့ မန်စီးတီးက ဦးဆောင်ထားပေမယ့် ချယ်ဆီးကပါ ဝင်ရောက် လှုပ်ရှားလာတာပါ။

အာဆင်နယ်အသင်းဟာ ဆာပေါ်လိုမှ ဘရာဇီး လူငယ် တောင်ပံကစားသမားလေး မာကွင်ဟို ကို ပေါင် ၂.၅ သန်းနဲ့ ခေါ်ဖို့ နီးစပ်နေပေမယ့် ဝုဗ်အသင်းက ဝင်လာပြီး အကြိုသဘောတူညီမှု ယူဖို့ ကြိုးစားလာပါတယ်။

လီဗာပူး တိုက်စစ်မှုး ဆာဒီယို မာနေးကတော့ အနာဂတ် ကိစ္စ မေးခွန်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြီးမှသာ ဖြေလိုကြောင်း ဒွိဟ ဖြစ်ဖွယ် ပြောဆိုလိုက်ပါတယ်။ ဆာလာ ကတော့ နောက်ရာသီ လီဗာပူးမှာ ဆက်ရှိမယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လိုက်ပ်ဇစ်မှ ခရစ္စတိုဖာ အမ်ကွန်ကူ ကို ရေရှာမှာ မိုဆာလာ နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားလာပါတယ်။ ဒီသီတင်းတွေ အတွင်း အမ်ကွန်ကူရဲ့ အေးဂျင့်တွေနဲ့ လီဗာပူးက ၂ကြိမ် တွေ့ဆုံ ဆွေးနွေးထားပါတယ်။ ဆာလာကို လီဗာပူးက ၂၀၂၃ အကျော်ထိ ဆက်ထိန်းထားဖို့ ရည်မှန်းထားပေမယ့် အီဂျစ်သား ကို သက်တမ်းမတိုးနိုင်သေးပါဘူး။

နယူးကာဆယ်အသင်းဟာ ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန် ကို ခေါ်ယူရေးမှာ ပြောင်းရွှေ့ကြေး တစိတ်တပိုင်း အဖြစ် သူတို့ ဂိုးသမား ကားလ် ဒါလော ကို ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ ယူနိုက်တက်ဟာ ဂရန့်ကို ထွက်ခွာခွင့် ပေးပြီးနောက် စီနီယာ ဂိုးသမား ၂ဦးပဲ ကျန်တာကြောင့် ဟန်ဒါဆန် ကို ရောင်းဖို့ တွန့်ဆုတ်နေတာပါ။

တော့တင်ဟမ် စပါး၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ အဲဗာတန် တိုက်စစ်သမား ရစ်ချာလီဆန် ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။ အဲဗာတန်နဲ့ ဘရာဇီးသားရဲ့ လက်ရှိ စာချုပ်က ၂နှစ် ကျန်ရှိနေပါတယ်။

အာဆင်နယ်က လန်းစ် ကွင်းလယ်ကစားသမား Chieck Doucoure ကို စိတ်ဝင်စားတဲ့ အသင်းတွေထဲ ပါဝင်လာပါတယ်။ မာလီလက်ရွေးစင် ကစားသမားဟာ လီဂူးဝမ်းကလပ်ကို ဒီနွေမှာ စွန့်ခွာဖွယ် ရှိပြီး ပေါင် ၁၈ သန်းတန် ကစားသမားကို ဘရိုက်တန်၊ ပဲလေ့စ်၊ ဝုဗ်နဲ့ အဲဗာတန် တို့ကလည်း ချိတ်ဆက်ထားပါတယ်။