ကြွေးမြီ ပေါင် သန်း ၅ဝဝ နား ကပ်လာခြင်း၊ ကေသစ်နဲ့ ဂျူဗီကို အချက်ပြတဲ့ ပေါ့ဘာနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ကွာတား တစ်ခုစာ အရှုံးအမြတ် စာရင်းကို ကြာသပတေးနေ့က ထုတ်ပြန် ကြေငြာခဲ့ရာ ယူနိုက်တက်ရဲ့ ကြွေးမြီ ပမာဏဟာ ယခင် ပေါင် ၄၄၃.၅ သန်းကနေ ပေါင် ၄၉၅.၇ သန်း ထိ တက်လာခဲ့ပြီး ပေါင် သန်း ၅ဝဝ နီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ ဝက်စ်ဟမ်း ကွင်းလယ်သမား ဒီကလန်ရိုက်စ် ကို ခေါ်ယူချင်တယ် ဆိုရင် လွတ်လွတ် လပ်လပ် လှုပ်ရှားနိုင်မှာ ဖြစ်တယ်လို့ ESPN သတင်းက ဆိုပါတယ်။ ရိုက်စ်ကို စိတ်ဝင်စားခဲ့ကြတဲ့ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီး၊ စပါးနဲ့ အာဆင်နယ် တို့ အားလုံးက ဒီနွေမှာ ရိုက်စ်ကို လက်ရှောင်ထားကြပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ကနေ အလွတ်နဲ့ ထွက်ခွာတော့မှာ ဖြစ်တဲ့ ပေါ့ဘာက အဖြူလွှမ်းတဲ့ ဆံပင်ပုံစံသစ် ပြောင်းပြီး ထိုပုံတင်ကာ အသင်းဟောင်း ဂျူဗင်တပ်နဲ့ ပတ်သတ်တော့မယ့် ဟန် စ နောက်သွားခဲ့ပါတယ်။ ပေါ့ဘာက ‘ ဘယ်အချိန် ကျပြီလဲ သိတယ် မဟုတ်လား ‘ လို့ ရေးသားထားခဲ့သေးပြီး သူ့ရဲ့ ဆံပင်ဆရာကလည်း ‘ ပေါ့ဘာ ပြန်လာပြီ ‘ လို့ ဝင်ရောက် ကွန်မန့်ပေးခဲ့ပါသေးတယ်။

နည်းပြသစ် အဲရစ်တန်ဟက် လက်ထက်မှာ မက်ဂွဲရားဟာ ပွဲထွက်စာရင်းကနေ အမြဲ ပါဝင်ခွင့် ရဖို့ အာမခံချက်တော့ မရှိဘူးလို့ သိရပါတယ်။ တန်ဟက်က မက်ဂွဲရားကို အသင်း အစီအစဉ်တွေထဲ ပါဝင်မယ် ဆိုထားပေမယ့် အင်္ဂလန်သားရဲ့ နှေးကွေးမှုနဲ့ နေရာယူ လွဲချော်မှုတွေက တန်ဟက် နည်းစနစ်မှာ အံဝင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန် ကို ချိတ်ဆက်နေတဲ့ နယူးကာဆယ်အသင်းဟာ ပြောင်းရွှေ့ကြေး တစိတ်တပိုင်း အဖြစ် သူတို့ ဂိုးသမား ကားလ် ဒါလော ကို ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လိုက်ပ်ဇစ် ကွင်းလယ်တိုက်စစ်သမား ခရစ္စတိုဖာ အန်ကွန်ကူ နဲ့ ကောင်းမွန်စွာ ချိတ်ဆက်မိထားပြီ ဖြစ်ပါတယ်။ လာမယ့် အပတ်ထဲမှာ ပြင်သစ်သား အတွက် တရားဝင် ကမ်းလှမ်းမှု ယူနိုက်တက် ဘက်က တင်သွင်းဖွယ် ရှိပါတယ်။

ယူနိုက်တက်ဟာ ရာသီကြိုကာလ ပြင်ဆင်မှု နောက်ဆုံး ပွဲစဉ် အဖြစ် ဇူလိုင် ၃ဝ ရက်နေ့ နော်ဝေနိုင်ငံ အော်စလိုမှာ အက်သလက်တီကို မက်ဒရစ်နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမယ် လို့ အတည်ပြုသွားပါတယ်။