ယူနိုက်တက် ဦးစားပေး ပစ်မှတ် ၂ဦး၊ ဒမ်ဘီလီကို ချိတ်တဲ့ လီဗာပူး၊ လိုဆယ်ဆို၊ ရစ်ချာလီဆန်တို့နဲ့ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာစီးတီး ခံစစ်မှုး ကို အီတာကူရာ ကို ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ ဖူလ်ဟမ် အသင်းက အလိုရှိနေပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမား ဟာ ရှော်လ်ကေးမှာ အငှားသွားကစားရင်း အစွမ်းပြခဲ့ပြီး ၎င်းကို ဘုန်းမောက်ကလည်း စိတ်ဝင်စားနေပါတယ်။

မန်ယူနိုက်တက် နည်းပြသစ် တန်ဟက်ဟာ ဒီနွေ အသုံးစရိတ် ပေါင် ၁၁၅ သန်းလောက် ရဖွယ် ရှိပြီး ၎င်းကလည်း အဓိက ဦးစားပေး ပစ်မှတ် ၂ဦးကို ရွေးချယ်ထားပါတယ်။ တန်ဟက် ဦးစားပေးခေါ်ယူမယ့်သူတွေက ဘင်ဖီကာမှ ဒါဝင် နူနက်ဇ်နဲ့ အေဂျက်မှ ဂျက်စတင် တင်ဘာတို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘာစီလိုနာ တောင်ပံတိုက်စစ်သမား ဒမ်ဘီလီ ရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်ထားကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ဘာစီလိုနာနဲ့ ဇွန် ၃ဝ မှာ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ အဲဗာတန် တိုက်စစ်သမား ရစ်ချာလီဆန် ကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေပါတယ်။ ရီးရဲလ် မက်ဒရစ်နဲ့ စပါးတို့ကလည်း ၎င်းကို စိတ်ဝင်စားနေပါတယ်။

ချန်ပီယံလိဂ် ဗိုလ်စွဲပြီးတဲ့နောက်မှာ ကွင်းလယ်ကစားသမား လူကာ မိုဒရစ်က ရီးရဲလ်မက်ဒရစ်နဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုကြောင်း ကြေငြာခဲ့သလို ဘယ်စွန်ခံစစ်သမား မာဆယ်လိုကလည်း ဒီနွေမှာ ရီးရဲလ်ကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပါရီဆစ်ဟာ နောက်တစ်ပတ်မှာ လန်ဒန် သို့ လာရောက်ပြီး ဆေးစစ်မှုတွေ ပြုလုပ်ကာ စပါးအသင်းနဲ့ အပြောင်းအရွှေ့ အပြီးသတ် လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ပါရီဆစ်ဟာ အင်တာနဲ့ စာချုပ်ကုန်ဆုံးပြီး စပါးနဲ့ ၂နှစ် စာချုပ် ချုပ်ဆိုမှာပါ။

တော့တင်ဟမ် စပါးအသင်းဟာ လိုဆယ်ဆို အတွက် ဗီလာရီးရဲလ်ထံက ပေါင် ၁၇ သန်း တောင်းဆိုထားကြောင်း သတင်း ထွက်နေပါတယ်။ အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ စပိန်ကလပ်မှာ အငှားကစားရင်း အစွမ်းပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဂျိမ်းစ်ဂါနာ ကို လက်စတာ အသင်းက စိတ်ဝင်စားနေပါတယ်။ ဒီရာသီ နော့တင်ဟမ်ဖောရက်မှာ အငှားကစားရင်း ခြေစွမ်းပြခဲ့တဲ့ ဂါနာ ကို လိဒ်စ်နဲ့ ဆောက်သမ်တန်တို့ကလည်း ချိတ်ဆက်နေတာပါ။