လိဒ်စ် ယူနိုက်တက်ကတော့ ခေါ်ချင်တဲ့ ကလပ်တွေ ဝိုင်းနေတဲ့ သူတို့ရဲ့ တောင်ပံတိုက်စစ်သမား ရာဖင်ဟာ အတွက် တန်ကြေး သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဘရာဇီးသားကို မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီး၊ အာဆင်နယ်တို့ အပြင် ဘာစီလိုနာကလည်း စိတ်ဝင်စားနေတာပါ။
ရာဖင်ဟာက ၂၀၂၀ မှာ လီဂူးဝမ်းကလပ် ရေးနက်စ်ကနေ လိဒ်စ်ထံ ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး တောက်လျောက် အစွမ်းပြနေခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ နည်းပြ ဘီရယ်ဆာရဲ့ အသင်း ပရီးမီးယားလိပ် ဇယားတဝက် အထက်ပိုင်းမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။
ထိုရာသီမှာ ရာဖင်ဟာက လိဂ်ဂိုး ၁၁ ဂိုးထိ သွင်းယူခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီ နောက်ဆုံးရက်မှာ ရာဖင်ဟာက ပွဲထွက်ကနေ ချန်လှပ်ခံခဲ့ရပြီး ဒီနွေမှာ အသင်းပြောင်းဖို့ သတင်းကြီးလာပါတယ်။ ၎င်းကို စိတ်ဝင်စား နေတာကလည်း ကလပ် အသင်းကြီးတွေ ဖြစ်နေတာပါ။

လာလီဂါ ထိပ်သီး ဘာစီလိုနာက ရာဖင်ဟာ ကို အရင်ဆုံး စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး့ပရီးမီးယားလိဂ်မှ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီး၊ အာဆင်နယ်တို့ ကလည်း ဘရာဇီးသားကို ခေါ်ယူလိုနေကြပါတယ်။
လိဒ်စ်ကလည်း သူတို့ ကစားသမားရဲ့ အရည်အသွေးကို သိတာကြောင့် ပြောင်းရွှေ့ကြေး ယူရို သန်း ၅ဝ ကျော်မှ စဉ်းစားတော့မှာ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။
ဘာစီလိုနာ၊ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က ရာဖင်ဟာ ကို ချိတ်ဆက်နေတာ သီတင်းပတ် အတော်ကြာပြီ ဖြစ်ပေမယ့် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကတော့ ဒီရက်ပိုင်းကျမှ သတင်းထွက်လာတာ ဖြစ်ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာက ပြီးခဲ့တဲ့နွေမှာ ကစားသမားသစ် ခေါ်ဖို့ ပေါင် သန်း ၁၅ဝ လောက် သုံးခဲ့ပြီ ဖြစ်ပြီး ဒီနွေမှာလည်း ထပ်မံ ငွေသုံး လူခေါ်ဖို့ လှုပ်ရှားနေပါတယ်။
ဘရာဇီးနဲ့ ဘာစီလိုနာ ဂန္တဝင်ကြီး ရော်နယ်ဒင်ဟိုကတော့ ရာဖင်ဟာ ကို ဒီနွေမှာ ဘာစီလိုနာကို ရွေးဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။
