ခရစ္စတီနို ရော်နယ်ဒိုရဲ့ ဒုတိယ အကြိမ် မန်ချက်စတာယူနိုက်တက် ခရီးက ပြီးဆုံးပြီ လို့ အီတလီ သတင်း ဌာန La Repubblica က ဖော်ပြသွားပါတယ်။ ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ဟာ ပေါ်တူဂီသား အတွက် အသင်းသစ် ရှာဖွေနေပြီး မော်ရင်ညိုရဲ့ ရိုးမား ဒါမှမဟုတ် စပို့တင်း လစ္စဘွန်း ဖြစ်ဖွယ် ရှိတယ် လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ အေဂျက် တိုက်စစ်မှုး အန်တိုနီ ကို ချိတ်ဆက်နေပေမယ့် အဆင်မပြေခဲ့ရင် အရန် ပစ်မှတ် အဖြစ် နော့တင်ဟမ် ဖောရက်စ်မှ ဘရန်နန် ဂျွန်ဆင် ကိုလည်း ချိန်ရွယ်နေပါတယ်။ ဝေးစ် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ၁၈ ဂိုး သွင်း ၁ဝ ဂိုး ထောက်ပံ့မှု ပြုလုပ်ခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာ ကွင်းလယ် ကစားသမား ဒီဂျောင် ကို တင်းလိုက် လျှော့လိုက်နဲ့ ဖြည်းဖြည်း ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ သရဲနီတွေ ပေးလိုတဲ့ ပြောင်းရွှေ့ကြေး နဲ့ ဘာစီလိုတာ တောင်းဆိုဈေးကြားမှာ ယူရို ၁၀ သန်း – ၁၅ သန်းလောက် ကွာဟနေပါတယ်။
ယူနိုက်တက် နောက်ထပ် ချိတ်ဆက်နေတဲ့ ကွင်းလယ် ကစားသမားကတော့ ဆောက်သမ်တန်မှ ဝက်ပရောက်စ် ဖြစ်ပါတယ်။ အင်္ဂလန်သားကလည်း လိုချင်တဲ့ ကလပ်တွေ ရှိနေပြီး ၎င်းကို နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့က ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးသမား ဒင်း ဟန်ဒါဆန်ကို ဒီနွေမှာ အငှားနဲ့ ထပ်မံ လက်လွှတ်ရဖွယ် ရှိပြီး ဂိုးသမားသစ် တစ်ဦးလည်း ထပ် ခေါ်ဖွယ် ရှိတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြထားပါတယ်။ ဟန်ဒါဆန်က လောလောဆယ် နော့တင်ဟမ် ဖောရက်စ်နဲ့ ဆွေးနွေးနေပါတယ်။
