ဂန်းနား ဂိုးသမားသစ်၊ ဒမ်ဘီလီကို ဆုံးဖြတ်ခိုင်းတဲ့ ဘာစီလိုနာ၊ အဲရစ်ဆန်၊ နေမာတို့နဲ့ ညနေခင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ် အသင်းဟာ မေဂျာလိဂ်ကလပ် မှ ဂိုးသမား မက် တမ်နာ ကို ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် မိတ်ဆက် ကြေညာသွားခဲ့ပါတယ်။ အမေရိကန် လက်ရွေးစင် ဂိုးသမားဟာ ကျောနံပါတ် ၃ဝ ကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ဟာ လက်ရှိ အသင်း လူစာရင်းနဲ့ ကျေနပ်နှစ်သိမ့်မှု ရှိနေပေမယ့် လီဗာပူးအသင်းဟာ ဈေးကွက် မပိတ်ခင် နောက်ထပ် ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖွယ် ရှိနေသေးတယ်လို့ သိရပါတယ်။

ဘာစီလိုနာ အသင်းဟာ သက်တမ်းတိုး စာချုပ်သစ် အတွက် သဘောတူညီမှု မပေးသေးတဲ့ တောင်ပံ တိုက်စစ်သမား ဒမ်ဘီလီကို လာမယ့် ၄၈ နာရီ အတွင်း အဖြေပေးဖို့ တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဒမ်ဘီလီကို ချယ်ဆီးက ခေါ်ယူဖို့ အဓိက ချိတ်ဆက်နေပြီး ဇွန်လ ၃ဝ ဆိုရင် ဘာစီလိုနာနဲ့ စာချုပ်ကုန်ဆုံးမှာပါ။

ဖူလ်ဟမ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပါရဲရားကို ပေါင် ၈.၆ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ် လို့ ယူနိုက်တက် သတင်းထောက် ဂျိမ်းစ်ရော့ဘ်ဆန် က အတည်ပြုသွားခဲ့ပါတယ်။

နေမာက ပီအက်စ်ဂျီ အသင်း ဥက္ကဌ အယ်ခါလိုင်ဖီရဲ့ လတ်လော ပြောစကားတွေ အပေါ် မနှစ်သက်တာကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း ပြင်သစ် သတင်းတွေက ဆိုပါတယ်။ နေမာရဲ့ အခြေအနေကို ချယ်ဆီးနဲ့ ယူနိုက်တက်တို့က စောင့်ကြည့်နေပါတယ်။

လိဒ်စ် ယူနိုက်တက်ရဲ့ ဘရာဇီး တောင်ပံတိုက်စစ်သမား ရာဖင်ဟာ ကို ဘာစီလိုနာက အလိုရှိပေမယ့် အခုထိ တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးဘူးလို့ စပိန် မာကာ သတင်းက ဆိုပါတယ်။ ရာဖင်ဟာ ကို ခေါ်ယူရေးက ဒမ်ဘီလီရဲ့ အခြေအနေပေါ်လည်း မူတည်နိုင်ပြီး လိဒ်စ်က ရာဖင်ဟာ အတွက် ပေါင် ၆၅ သန်းထိ အလိုရှိနေပါတယ်။

ချယ်ဆီးအသင်းရဲ့ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ပိုင်း အကြံပေး ရာထူးကို တာဝန်ယူထားတဲ့ ဂိုးသမားဟောင်းကြီး ပီတာချက်ဟာ အသင်းကနေ နှုတ်ထွက်ပြီ ဖြစ်ပါတယ်။ ပိုင်ရှင်သစ် ပြောင်းလဲပြီးတဲ့နောက် ချယ်ဆီးအသင်းရဲ့ အုပ်ချုပ်ရေးပိုင်းကလည်း အပြောင်းအလဲတွေ များစွာ ဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ အဲရစ်ဆန်ရဲ့ အနာဂတ်ကိစ္စ ဆုံးဖြတ်လာမယ့် အပေါ် စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ ဒိန်းမတ် လက်ရွေးစင် ဟောင်းကို ခေါ်ယူရေးမှာ စပါးက နောက်ဆုတ်သွားတာကြောင့် ဘရန့်ဖို့ဒ်နဲ့ ယူနိုက်တက်သာ အပြိုင် ဖြစ်နေပါတယ်။