တိုင်ရဲလ် မာလာစီယာရဲ့ အေးဂျင့်တွေနဲ့ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေက ဒီနေ့ တွေ့ဆုံဆွေးနွေးကြပြီး ကစားသမားထံက သဘောတူညီမှု ရဖို့ အခြေအနေ ကောင်းနေပါတယ်။ ဖီယွန်နုက မာလာစီယာ အတွက် ယူနိုက်တက်ရဲ့ ယူရို ၁၅ သန်း + ထပ်ဆောင်း ဆုကြေး ယူရို ၂ သန်း ကမ်းလှမ်းမှုကို လက်ခံထားပါတယ်။
ဒီနွေမှာ ဟာလန်းကို လက်လွှတ်ထားရပြီ ဖြစ်တဲ့ ဒေါ့မွန် အသင်းဟာ နောက်ထပ်ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ ဘယ်လင်ဟမ် အတွက် ကမ်းလှမ်းမှုတွေကို ယူရို သန်း ၁၂ဝ အောက် ဆိုပါက လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘယ်လင်ဟမ်ကို ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့က စိတ်ဝင်စားနေပြီး နောက်နှစ်နွေမှာ ကမ်းလှမ်းမှုတွေ ရောက်လာဖွယ် ရှိပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဗီလာရီးရဲလ် တောင်ပံတိုက်စစ်သမား ဒမ်ဂျူးမား ကို ခေါ်ယူလိုတာကြောင့် စာချုပ်ပါ ဖျက်သိမ်းကြေး အတိုင်း ယူရို သန်း ၄ဝ ပေးဖို့ ပြင်ဆင်နေပါတယ်။ ဒေးဗစ်မိုယက်စ်ရဲ့ အသင်းဟာ တိုက်စစ် အင်အားဖြည့်ဖို့ ဒီနွေမှာ လှုပ်ရှားနေပါတယ်။
ဒီနွေမှာ ခံစစ်သမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ ရည်ရွယ်ထားတဲ့ ချယ်ဆီးအသင်းဟာ ဈေးကွက်ထဲမှာ ခံစစ်သမားပေါင်း များစွာကို တပြိုင်နက်တည်း ချိတ်ဆက်နေပြီ ဖြစ်ကာ ဒီလစ်၊ စကရီနီယာ၊ မန်စီးတီးမှ အကီ တို့ အဓိက ပါဝင်နေပါတယ်။

ဒါ့အပြင် ချယ်ဆီးရဲ့ ကာလရှည် ပစ်မှတ်တစ်ဦး ဖြစ်တဲ့ ဆီဗီလာမှ ကွန်ဒဲလ်လည်း ပါဝင်နေသလို အလွန်ဆို အနေအထား မသေချာတာကြောင့် ဘယ်စွန်အတွက် မန်စီးတီးမှ ဇင်ချန်ကို ကိုလည်း ချိတ်ဆက်နေပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ စပိန်သား အစွန်ခံစစ်သမား ဘယ်လာရင် အတွက် အာဆင်နယ်နဲ့ ဆွေးနွေးမှု စတင်ထားကြောင်း သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ ရီးရဲလ်ဘက်တစ်မှာ အငှား ကစားခဲ့ပြီး ဒီနွေမှာ အာဆင်နယ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။
အသင်းဟောင်း အင်တာမီလန်ထံ အငှား တစ်ရာသီ ကစားဖို့ ပြန်သွားခဲ့တဲ့ တိုက်စစ်မှုး လူကာကူ ဟာ ဒီနေ့ မီလန်သို့ ရောက်စဉ် ပရိသတ်တွေက ကြိုဆို အားပေးမှု ခံခဲ့ရသလို အင်တာ ပြန်လာရတာ သိပ်ပျော်နေကြောင်း ဘယ်လ်ဂျီယံသားက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
လူကာကူ ကို အငှား တစ်ရာသီ ခေါ်ဖို့ အင်တာမီလန်က အငှားကြေး ယူရို ၈ သန်း ပေးခဲ့ရသလို ကစားသမား ကလည်း လုပ်ခ လျှော့ယူခဲ့ရတာ ဖြစ်ပါတယ်။
