အာဆင်နယ်ဟာ အေဂျက် ခံစစ်မှုး မာတီနက်ဇ် အတွက် ဒီတပတ် ထဲ နောက်ဆုံး ပြုလုပ်ထားတဲ့ ကမ်းလှမ်းမှုဟာ ပေါင် ၃၅ သန်း (ဆုကြေးတွေ အပါ ပေါင် သန်း ၄ဝ) နဲ့ ဖြစ်ပြီး သဘောတူညီမှု ရဖို့ အခြေအနေ ကောင်းနေပါတယ်။
ဒါပေမယ့် ကစားသမားဟာ သူနဲ့ ဆက်ဆံရေး ကောင်းတွေ ရှိတဲ့ နည်းပြတန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ကို သွားလိုနေတာကြောင့် ဂန်းနားတို့ အခက်တွေ့နေပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ အာဆင်နယ် အစွန်ခံစစ်သမား ဘယ်လာရင် ကို ခေါ်ယူဖို့ စတင် ချိတ်ဆက် လာပါတယ်။ ဘယ်လာရင် က ပြီးခဲ့တဲ့ရာသီ ရီးရဲလ်ဘက်တစ်မှာ အငှား ထွက် ကစားခဲ့သူပါ။
လိဒ်စ် ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ဟာ အတွက် အာဆင်နယ်က တနင်္လာနေ့က ကမ်းလှမ်းမှု ပို့ခဲ့သေးပေမယ့် လိဒ်စ် အလိုရှိတဲ့ ပေါင် ၆၅ သန်း ဈေးနဲ့ ကွာဟနေခဲ့တာကြောင့် ငြင်းပယ်ခံခဲ့ရပြီး ချယ်ဆီးက အလေးသာသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံး သတင်းတွေ အရ ဘာစီလိုနာကလည်း နောက်ကောက်ချ မခံဘဲ ကစားသမား လိုလားမှု ရှိတာကို အသုံးချပြီး နောက်ကျကမ်းလှမ်းမှု လုပ်ဖို့ စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ဖီအိုရင်တီးနား အသင်းထံ အငှားထွက် ကစားနေခဲ့တဲ့ ကွင်းလယ်ကစားသမား တော်ရဲရား က လာမယ့် ရာသီ အာဆင်နယ်မှာ ဆက်ရှိနေမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ တော်ရဲရားက ၎င်းဟာ အသင်း အစီအစဉ်တွေထဲ မပါဝင်တော့ဘူးလို့ နည်းပြ အာတီတာ အသိပေးခြင်း ခံခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။
တော်ရဲရား ကို ဖီအိုရင်တီးနားက အပြီး ဝယ်ယူလိုခဲ့ပေမယ့် အငှား ခေါ်စဉ်က ထည့်ခဲ့တဲ့ ပေါင် ၁၃ သန်း မပေးလိုဘဲ ဈေးဆစ်ခဲ့တာကြောင့် အာဆင်နယ်က အမျက်ထွက်ကာ ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် တော်ရဲရားက အခြား အသင်းသစ် ရှာဖွေနေရပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ တိုက်စစ်မှုး အဆန်စီယို ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း စပိန်ဘက်က သတင်းတွေမှာ ဖော်ပြထားပါတယ်။
