မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ နော့တင်ဟမ် ဖောရက်စ် အသင်းထံ တစ်ရာသီ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အေဂျက် ခံစစ်မှုး မာတီနက်ဇ် အတွက် အာဆင်နယ် ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့ကြေး အတိုင်း ယူရို သန်း ၄ဝ (ပေါင် ၃၅ သန်း) နဲ့ ထပ်ဆောင်းကြေး ယူရို ၅ သန်း ပါဝင်တဲ့ ကမ်းလှမ်းမှု တစ်ရပ် တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ တန်ဟက်ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင် ကို ချယ်ဆီး အသင်းကလည်း ဝင်ရောက်ကြိုးပမ်းဖို့ ပြင်ဆင်လာပါတယ်။ ချယ်ဆီးက ချန်ပီယံလိဂ် ကစားရမယ့် အသင်း ဖြစ်တာကြောင့် လန်ဒန်ကလပ် ဝင်ပါလာခြင်းက ယူနိုက်တက် အတွက် စိုးရိမ်ဖွယ်ပါ။

ပရီးမီးယားလိဂ် ဝါရင့် နည်းပြဟောင်းကြီး နေးလ် ဝါးနော့ခ်ကတော့ ယူနိုက်တက်က ထွက်သွားတဲ့ ပေါ့ဘာနဲ့ ချယ်ဆီးကနေ အငှားထွက်သွားတဲ့ လူကာကူ တို့ဟာ တကိုယ်ကောင်း ဆန်တဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး အရှုပ်တွေ ရှင်းသွားတာက ကလပ်အသင်းတွေ အတွက်တော့ ကောင်းတယ်လို့ ဆိုခဲ့ပါတယ်။
ဖီယွန်နု ဘယ်စွန်ခံစစ်သမား မာလာစီယာ နဲ့ ယူနိုက်တက်ကြား သဘောတူညီမှု ရရှိပြီး ဖြစ်ပြီး ကစားသမားဟာ လာမယ့် အပတ်မှာ ဆေးစစ်ကာ အပြောင်းအရွှေ့ကို အပြီးသတ် ကြေညာနိုင်ဖွယ် ရှိပါတယ်။
ဒိန်းမတ်လက်ရွေးစင်ဟောင်း ကွင်းလယ်သမား အဲရစ်ဆန်ကတော့ ဘရန့်ဖို့ဒ်မှာ ဆက်နေရမလား၊ ယူနိုက်တက်ထံ ပြောင်းရွှေ့ရမလား စဉ်းစားနေဆဲ ဖြစ်ပြီး အခြားသော ကမ်းလှမ်းမှုတွေ အတွက်လည်း လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။
