မေဆန်မောင့်ကတော့ ပိုင်ရှင်သစ် ပြောင်းလဲပြီး အရှိန်အဟုန်နဲ့ ပြန်လည် စတင်တော့မယ့် ချယ်ဆီး ခေတ်သစ် အတွက် စိတ်လှုပ်ရှား ရင်ခုန်နေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ချယ်ဆီးအသင်းဟာ ချီကာဂိုဖိုင်းယား အသင်းမှ ဂိုးသမား ဂပ်ဘရီရယ် ဆလွန်နီနာ ကို ယူရို ၁ဝ သန်းနဲ့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပေမယ့် ပီတာချက် ရာထူးက နှုတ်ထွက်သွားတာကြောင့် အပြောင်းအရွှေ့က အပြီးသတ်နိုင်ပါ့မလား မသေချာတော့ဘူး ဖြစ်လာပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး စီ ရော်နယ်ဒို ကို ချယ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလေက ခေါ်ယူချင်ပေမယ့် နည်းပြ တူချယ်ကတော့ ပေါ်တူဂီသားကို ခေါ်ဖို့ထက် ခံစစ် ပစ်မှတ် ကစားသမားတွေနဲ့ မန်စီးတီး တိုက်စစ်သမား စတားလင်း ကို ပို ဦးစားပေး ကြိုးစားလိုနေပါတယ်။
ချယ်ဆီး အဓိက ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ် ခံစစ်မှုး ဒီလစ်ကို ခေါ်ယူရေးမှာ ဘိုင်ယန်မြူးနစ်က အပြိုင်အဆိုင် ဝင်ရောက် ကြိုးပမ်းလာပါတယ်။

ချယ်ဆီးက ဒီလစ် အတွက် ယူရို သန်း ၄ဝ နဲ့ အတူ တီမိုဗာနာ ဒါမှမဟုတ် ပူလီဆစ်ကို အလိုက်ပေးဖို့ ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက် ဘိုင်ယန် ပေါ်လာပေမယ့် ဒီလစ် ကိုယ်တိုင်က ချယ်ဆီးထံ ပြောင်းဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။
ဂျော်ဂျင်ဟိုရဲ့ ချယ်ဆီးနဲ့ စာချုပ်ဟာ နောက်နှစ် နွေမှာ ကုန်ဆုံးမှာ ဖြစ်ပြီး လန်ဒန်ကလပ်ကနေ ထွက်ခွာမယ့် သတင်းတွေ ထွက်ပေါ်နေပါတယ်။ အီတလီသားရဲ့ ဦးစားပေးက ချယ်ဆီးမှာ ဆက်နေဖို့ ဖြစ်တယ် လို့ အေးဂျင့် ဖြစ်သူက ဆိုထားပါတယ်။
ချယ်ဆီး တောင်ပံတိုက်စစ်သမား ဟာကင်ဇီယက်ချ်ကို တစ်ရာသီ အငှား ခေါ်ယူဖို့ စီးရီးအေကလပ် အေစီမီလန်အသင်း က ကလပ်ချင်း ပြောဆို ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
