EPL ပြန်လာမယ့် ပိုချက်တီနို၊ ဒီလစ်အတွက် ပေါင် ၇၅ သန်း လိုချင်တဲ့ ဂျူဗီနဲ့ ညနေခင်း အပြောင်းအရွှေ့ သတင်းများ

ပြင်သစ်လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီအသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့နောက် နည်းပြ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် ထံ တကျော့ပြန် ပြန်လာဖို့ ပစ်မှတ်ထားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲ ပါဝင် ကစားခွင့် မရတာကြောင့် လာမယ့် ဘောလုံးရာသီမှာ လုပ်ခလစာ ၂၅% ထိ လျှော့ယူရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ ချယ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ အပြိုင် ကြိုးစားချိတ်ဆက်နေတဲ့ သူတို့ ခံစစ်သမား ဒီလစ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း ထိ အလိုရှိနေပြီ ဖြစ်ပါတယ်။

ပေါ့ဘာနဲ့ ဒီမာရီယာတို့ရဲ့ ဂျူဗင်တပ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့မှုဟာ ဒီတပတ်ထဲမှာ အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ယောက်လုံးကို လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဂျူဗီက သူတို့ရဲ့ Allianz ကွင်းမှာ မိတ်ဆက် ကြေညာပေးတော့မှာပါ။

ချယ်ဆီး ကွင်းလယ်သမား ဂျော်ဂျင်ဟိုရဲ့ အေးဂျင့် ဖြစ်သူက ဒီနွေမှာ သူ့ကစားသမားနဲ့ ချယ်ဆီးကို သက်တမ်းတိုး ဖို့ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဂျော်ဂျင်ဟိုရဲ့ လက်ရှိ စာချုပ်က နောက်နှစ်နွေမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာကတော့ သူတို့ ကွင်းလယ် ကစားသမား ဒီဂျောင် ကို ခေါ်ယူချင်တဲ့ ကလပ် အသင်းတွေ ရှိနေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီး ဘာစီလိုနာ ဘက်ကတော့ ရောင်းဖို့ စိတ်ကူး မရှိကြောင်းပါ ဆိုခဲ့ပါတယ်။ ဒီဂျောင်က မန်ချက်စတာ ယူနိုက်တက် အဓိက ချိတ်ဆက်နေသူပါ။

မိုနာကိုအသင်းဟာ ကွင်းလယ်ကစားသမား ဘူဘာကရီ ဆိုးမဲ ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် လက်စတာ စီးတီး အသင်းနဲ့ ပြောဆို ဆွေးနွေးနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ ခရစ္စတီယာနို ရော်နယ်ဒိုကို အသင်းနဲ့ အနာဂတ် ကိစ္စ မြန်နိုင်သမျှ မြန်မြန် ဆုံးဖြတ်ဖြေရှင်းစေလိုနေပါတယ်။ အချိန်တွေ ဆွဲနေခြင်းက အသင်းနဲ့ ကစားသမား နှစ်ဦးနှစ်ဘက်လုံးထံ ပြသနာကြီးလာစေနိုင်တယ်လို့ တန်ဟက်က ယုံကြည်နေပါတယ်။

အဲဗာတန်အသင်းထံကနေ တော့တင်ဟမ် စပါးအသင်း ခေါ်ယူလိုက်တဲ့ တိုက်စစ်မှုးသစ် ရစ်ချာလီဆန်ဟာ မြောက်လန်ဒန် ကလပ်မှာ ကျောနံပါတ် ၉ ဝတ်ဆင် ကစားမှာ ဖြစ်ါတယ်။