တန်ဟက်ကို မြှောက်နေတဲ့ ရှော၊ စတုဂတ် တိုက်စစ်မှုး၊ မာတီနက်ဇ် ဈေးတက်ခြင်းနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ယူနိုက်တက် အစွန်ခံစစ်မှုး လုခ်ရှောကတော့ လက်ရှိ ယူနိုက်တက် မန်နေဂျာ တန်ဟက်ဟာ တကယ့် ထိပ်တန်း နည်းပြ တစ်ဦး ဖြစ်ပြီး သူ့နည်းစနစ်တွေနဲ့ လာမယ့်ရာသီ ကစားသွားဖို့ စိတ်လှုပ်ရှားနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးတို့ နှစ်သင်းလုံး ပစ်မှတ်ထားတယ် သတင်းထွက်နေတဲ့ ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမား ဂနာဘီ ကို ချယ်ဆီးအသင်းကလည်း ဝင်ရောက် ကြိုးပမ်းတော့မှာ ဖြစ်ပါတယ်။

အေဂျက်အသင်းဟာ ယူနိုက်တက် အသည်းအသန် အလိုရှိနေတဲ့ ခံစစ်မှုး မာတီနက်ဇ် အတွက် ပြောင်းရွှေ့ကြေးကို ထပ်ဆောင်းကြေးတွေ မပါဘဲ ပေါင် ၅၂ သန်း တခါတည်း ပေးစေလိုနေပါတယ်။ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ပေါင် ၄၃ သန်းနဲ့ ထပ်ဆောင်း ဘောနပ်စ် ပေါင် ၅ သန်း ပါဝင်တာပါ။

မန်ချက်စတာ ယူနိုက်တက် အကြီးအကဲ ရစ်ချက် အာနိုးလ်က အသင်းထံ စီရော်နယ်ဒို တင်သွင်းထားတဲ့ ပြောင်းရွှေ့ခွင့် ကို ပြန်လည် ရုပ်သိမ်းစေဖို့ ကြိုးစား စည်းရုံးနေပြီ ဖြစ်ပါတယ်။

ရစ်ချက်အာနိုးလ် ဟာ ဘာစီလိုနာ မြို့သို့ ရောက်ရှိနေတဲ့ ပုံရိပ်တွေလည်း ထွက်ပေါ်နေပြီး ဘာစီလိုနာနဲ့ ယူနိုက်တက် နှစ်သင်းလုံးက ဒီဂျောင် မန်ချက်စတာကလပ်ထံ ပြောင်းရွှေ့ဖို့ လက်ခံလာအောင် ပြောဆို တိုက်တွန်းနေကြပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

ယူနိုက်တက်ဟာ စတုဂတ် တိုက်စစ်သမား Sasa Kalajdzic ကို ခေါ်ယူဖို့ ကနဦး ဆွေးနွေးမှုများ စတင် ထားပြီ ဖြစ်ပါတယ်။ Kalajdzic ဟာ ဘွန်ဒစ်လီဂါ ပွဲ ၄၈ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းယူထားသူပါ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က လက်ရှိ လူစာရင်းကနေ ကွင်းလယ်နဲ့ တိုက်စစ် နှစ်နေရာကို ထပ်မံ အင်အားဖြည့် လူခေါ်ယူချင်သေးကြောင်း ဝန်ခံ စကား ဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ဟာ အေဂျက် ကစားသမား မာတီနက်ဇ်ကို အပြိုင် ကြိုးစားနေရုံတင် မကဘဲ လက်စတာ ကွင်းလယ်လူ တိုင်လီမန်းစ်အတွက်ပါ အပြိုင်အဆိုင် ဖြစ်လာဖို့ ရှိနေပါတယ်။ တိုင်လီမန်းစ်ကို ဒီနွေဈေးကွက် စတင်တည်းက အာဆင်နယ် ချိတ်ဆက်နေပြီး ဒီတလောမှာ ယူနိုက်တက်ကပါ စိတ်ဝင်စားလာတာပါ။