ဂျက်ကို၊ တိုင်လီမန်းစ်၊ ကင်ပန်ဘီ၊ ဒီဂျောင်တို့နဲ့ နေ့လည်ခင်း အပြောင်းအရွှေ့ သတင်းတိုများ

ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ဘာစီလိုနာကွင်းလယ် ကစားသမား ဖရန်ကီ ဒီဂျောင် ကို ချယ်ဆီးကလည်း စုံစမ်း မေးမြန်းထားတယ်လို့ talkSPORT သတင်းဌာနက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ ဒီဂျောင် က ဘာစီလိုနာမှာပဲ ဆက်နေမယ် တုန့်ပြန်ထားတာကြောင့် ချယ်ဆီးက အခြေအနေကို စောင့်ကြည့်နေဆဲပါ။

အာဆင်နယ်အသင်းဟာ လက်စတာ ကွင်းလယ်လူ တိုင်လီမန်းစ် နဲ့ ဆက်သွယ်မှု ရှိနေဆဲ ဖြစ်တယ်လို့ CBS သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီတလော သီတင်းပတ်တွေ အတွင်း တိုင်လီမန်းစ်နဲ့ သတင်းတွေ အေးစက် သွားပေမယ့် အာဆင်နယ်က ဘယ်လ်ဂျီယံသားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရပြီး ဖြစ်ကာ လက်စတာနဲ့လည်း စာချုပ် တစ်နှစ်သာ ကျန်ရှိပါတယ်။

စတာလင် ကို ခေါ်ယူပြီးတဲ့နောက် ချယ်ဆီးအသင်းဟာ ကူလီဘိုင်လေကို သဘောတူညီမှု ရထားသလို ပီအက်စ်ဂျီမှ ခံစစ်မှုး ကင်ပန်ဘီ ကို ခေါ်ယူရေး ဆက်လက် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

အဲဗာတန်နဲ့ ဝုဗ်အသင်းတို့ဟာ မန်စီးတီး တိုက်စစ်မှုးဟောင်း ဂျက်ကို ကို ခေါ်ယူလိုနေကြကြောင်း အီတလီ သတင်းတွေက ဆိုပါတယ်။ အသက် ၃၆ နှစ် အရွယ် ကစားသမားကို အင်တာမီလန်ကလည်း ရောင်းချလိုနေပါတယ်။

နယူးကာဆယ် အသင်းဟာ စပါးအသင်းမှာ နေရာမ ရတဲ့ ခံစစ်မှုး တန်ဂန်ဂါ ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ အသက် ၂၃ နှစ် အရွယ် ကစားသမားကို အေစီမီလန် အပါအဝင် အလိုရှိတဲ့ ကလပ်အသင်းတွေ ရှိနေပါတယ်။