ထူးခြားလာတဲ့ မာတီနက်ဇ်၊ ဒီဂျောင်တို့ အခြေအနေ၊ ဒိုလေးကို ချယ်ဆီး ငြင်းဆန်ခြင်းနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ အေဂျက်မှ ခံစစ်မှုး လီဆန်ဒရို မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၆.၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အတော်ကို နီးစပ်နေပြီ ဖြစ်ပါတယ်။ အေဂျက်နဲ့ ပြောဆိုဆွေးနွေးနေမှုက အတော် ခရီးပေါက်နေပြီ ဖြစ်ပြီး မာတီနက်ဇ် ဟာ နည်းပြတန်ဟက်ရဲ့ ဒီနွေ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်လာဖွယ် ရှိပါတယ်။

ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး စီ ရော်နယ်ဒို ကို ခေါ်ယူနိုင်ခွင့် ရှိပေမယ့် ချယ်ဆီး အသင်းကတော့ ပေါ်တူဂီသားကို မခေါ်ဖို့ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ နည်းပြ တူချယ်က သူ့အသင်းမှာ တစ်ဦးကောင်း တစ်ယောက် ကောင်း ကစားသမားမျိုး အလိုမရှိလို့ ငြင်းဆန်ခဲ့တယ် လို့ သိရပါတယ်။

စီ ရော်နယ်ဒိုကို ဆော်ဒီဘက်က ကလပ်အသင်း တစ်ခုက တစ်ပတ်လုပ်ခ ပေါင် ၂ သန်းနဲ့ အံ့အားသင့်ဖွယ် ကမ်းလှမ်းခဲ့သေးသော်လည်း ပေါ်တူဂီသားက ငြင်းဆန် ပယ်ချခဲ့တယ် လို့ သိရပါတယ်။ ရော်နယ်ဒိုက ဒီနွေမှာ ချန်ပီယံလိဂ် ကစားရတဲ့ ကလပ် တစ်သင်းသင်းထံ ပြောင်းရွှေ့လိုနေတာပါ။

ယူနိုက်တက်ဟာ ကွင်းလယ် ကစားသမား ဒီဂျောင် ကို ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း + ထပ်ဆောင်း ဆုကြေး ယူရို ၁ဝ သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ ဖြစ်မြောက် လာဖို့ကတော့ ကစားသမားရဲ့ သဘောတူမှု လိုအပ်နေသေးပြီး ဒီဂျောင် လက်ခံအောင် စောင့်ဆိုင်းနေကြပါတယ်။

ယူနိုက်တက်ဟာ စတုဂတ် တိုက်စစ်မှုး Sasa Kalajdzic ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားရဲ့ အေးဂျင့်တွေနဲ့ အဆက်အသွယ် လုပ်ထားကြောင်း စကိုင်းစပေါ့ ဂျာမနီက ဖော်ထုတ်ထားပါတယ်။