အိုဒွိုင်း ဒေါ့မွန်၊ ရာဘီရော့ ယူနိုက်တက်၊ အလွန်ဆို ဘာစီလိုနာ စတဲ့ နီးစပ်နေတဲ့ အပြောင်းအရွှေ့ သတင်းထူးများ

ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းကလည်း ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန် ထံ ပြောင်းရွှေ့ဖွယ် ရှိနေပြီး အေးဂျင့်ကနေ တဆင့် ဆွေးနွေးနေတယ် လို့ စကိုင်းစပေါ့ သတင်းက ဆိုပါတယ်။

ဆီဗီလာ အသင်းဟာ ရီးရဲလ်မက်ဒရစ်မှ အစ္စကို ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာ သွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဂျူဗင်တပ် ကွင်းလယ်ကစားသမား ရာဘီရော့ ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ လို့ စကိုင်းစပေါ့ သတင်းက ဖော်ပြလာပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ ဒီနွေ ၇ ဦး မြောက် ခေါ်ယူမှု အဖြစ် အူဒီးနိစ် အသင်းမှ ဘယ်စွန် ခံစစ်သမား Destiny Udogie ကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း လန်ဒန် သတင်းဌာနက ဆိုပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ အင်တာမီလန် ခံစစ်မှုး စကရီနီယာ ကို တိုးမြှင့် ကမ်းလှမ်းတော့မှာ ဖြစ်တယ် လို့ အီတလီ သတင်းတွေက ဆိုပါတယ်။ ပီအက်စ်ဂျီရဲ့ ယူရို သန်း ၆ဝ နဲ့ ကမ်းလှမ်းမှုက ပယ်ချခံထားရပြီး စီးရီးအေကလပ်က ယူရို သန်း ၇ဝ အလိုရှိနေတာပါ။

ကွင်းလယ် ကစားသမား ဒီဂျောင်က ဘာစီလိုနာမှာ ဆက်ရှိမလား ဆိုတာကို နည်းပြ ဇာဗီ ကတောင် မသိဘူးလို့ ဝန်ခံ ပြောဆိုလာပါတယ်။ ဘာစီလိုနာနဲ့ ဒီဂျောင်ကြား မကျေလည်မှုတွေကလည်း ရှိနေပါတယ်။

ချယ်ဆီး ခံစစ်သမား မားကို့စ် အလွန်ဆို ကို ခေါ်ယူဖို့ ဘာစီလိုနာက နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင် နေပြီ ဖြစ်ပြီး ဒီတပတ်ထဲမှာ အပြီးသတ်နိုင်ဖွယ် ရှိတယ်လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ ပြောင်းရွှေ့ကြေးက ယူရို ၁ဝ သန်း အောက် ဖြစ်မယ် လို့ သိရပါတယ်။

ယူနိုက်တက်က ဆာနေး ကို ပစ်မှတ်ထားနေပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ သူတို့ ကစားသမားကို ရောင်းချဖို့ အစီအစဉ် မရှိကြောင်း လေသံပစ်ထားပါတယ်။