လိုချင်တဲ့ကလပ်တွေ ဝိုင်းနေတဲ့ ယူနိုက်တက် အသင်းသား၊ အင်္ဂလန်နည်းပြ သတင်း ငြင်းတဲ့ လမ်းပတ်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးမှ အငှား ထွက်ကစားနေတဲ့ လူငယ်လေး လယ်ဗီ ကိုးဝဲလ် ကို စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အေစီမီလန်၊ နာပိုလီနဲ့ အတ္တလန္တာအသင်းတို့က ပစ်မှတ်ထားနေကြောင်း အီတလီသတင်းတွေက ဖော်ပြလာပါတယ်။

ကိုးဝဲလ်ဟာ ပြီးခဲ့တဲ့ရာသီ က ဟက်ဒါဖီးလ်အသင်းမှာ အငှား ကစားခဲ့ပြီး ဒီရာသီ မှာတော့ ဘရိုက်တန် သို့ ပို့ခံထားရတာ ဖြစ်ကာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ PSV တိုက်စစ်သမား ကိုဒီ ဂတ်ပို အတွက် ကမ်းလှမ်းမှုအသစ်တွေ ပြုလုပ်ကာ ထပ်မံ ကြိုးစားသွားဦးမယ် လို့ သိရပါတယ်။ ပြီးခဲ့တဲ့နွေတည်းက ဂတ်ပို ကို ယူနိုက်တက် အလိုရှိခဲ့ပေမယ့် အန်တိုနီ ကို ရပြီးနောက် နောက်ဆုတ်သွားခဲ့တာပါ။

ဝုဗ်နဲ့ သက်တမ်း မတိုးတော့ဖို့ ဆုံးဖြတ်ထားတဲ့ ပေါ်တူဂီသား ကွင်းလယ်သမား ရူဘန်နီဗက်ဇ်ဟာ ၂၀၂၃ မှာ အသင်းကြီးတွေ အပြိုင် ကြိုးစားခံရဖွယ် ရှိနေပြီး အာဆင်နယ်က ဘာစီလိုနာနဲ့ အပြိုင် နီဗက်ဇ် ကို ကြိုးစားဦးမှာ ဖြစ်တယ် လို့ သိရပါတယ်။

အန်ကွန်ကူဟာ ချယ်ဆီးအသင်းနဲ့ အကြို သဘောတူ စာချုပ် မချုပ်ခဲ့သလို ဆေးစစ်ထားခဲ့ခြင်းလည်း မရှိခဲ့ကြောင်း သတင်း ထပ်မံ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် ပြင်သစ်တိုက်စစ်သမားကို ချယ်ဆီးက နောက်နှစ်နွေမှာ ထပ်မံ ကြိုးစားဖို့ ရှိနေပါတယ်။

လက်ရှိ ရာသီကုန်ရင် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးတော့မယ့် အစွန်ခံစစ်သမား ဒါလော့ ကို ဘာစီလိုနာ၊ ဂျူဗင်တပ်၊ အက်သလက်တီကို မက်ဒရစ်၊ ရိုးမားနဲ့ အေစီမီလန် စတဲ့ ဥရောပ ကလပ်အသင်း ၅ သင်း က စိတ်ဝင်စားနေပါတယ်။

အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေ ကျဆင်းနေတာကြောင့် နည်းပြသစ် ရာထူး ရေပန်းစားမှုတွေ ထွက်ပေါ်လာရာ ဖရန့်လမ်းပတ်လည်း ပါဝင်နေပြီး အဲဗာတန်နည်းပြ လမ်းပတ်ကတော့ လက်ရှိ အလုပ်မှာပဲ ပျော်ရွှင်နေကြောင်း တုန့်ပြန်ကာ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။