မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲ လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်ကို တစ်ဂိုးတည်းဖြင့် အနိုင်ရခဲ့တာကြောင့် အုပ်စုဗိုလ်နေရာကို လက်လွတ်ခဲ့ရပါတယ်။
နှစ်သင်း ထိပ်တိုက်တွေ့တဲ့ အုပ်စုတွင်း ပွဲစဉ်တွေမှာ ၁-၀ ဆိုတဲ့ ရလဒ်တွေ ထွက်ထားခဲ့တာကြောင့် ရမှတ်တူနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုအရ ဆုံးဖြတ်လို့ မရခဲ့ပါဘူး။ ဒါကြောင့်ပဲ ရီးရဲလ်ဆိုစီဒက်ဟာ ဂိုးကွာခြားချက် တစ်ဂိုးအသာဖြင့် အုပ်စုဗိုလ်နေရာ ရသွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ဆိုစီဒက်က ၁၆ သင်းအဆင့်မှာ အဆင်သင့် စောင့်နေတော့မှာ ဖြစ်ပေမယ့် ယူနိုက်တက်ကတော့ အဲ့အဆင့်ကို ရောက်နိုင်ဖို့ ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့် တတိယနေရာက အသင်းတွေဖြင့် play-off နှစ်ကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် တတိယနေရာရ အသင်းတွေထဲမှာ ဘာစီလိုနာ၊ ဂျူဗင်တပ်တို့လို အင်အားကြီး ဥရောပကလပ်တွေ ပါဝင်နေတာပါ။ ဒါကြောင့် ယူနိုက်တက်ဟာ တောင့်တင်းတဲ့ ပြိုင်ဘက်ဖြင့် ထိပ်တိုက်တွေ့ဖို့ အလားအလာ များပြားလာနေပါပြီ။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ် တတိယနေရာက ကလပ် (၈) သင်းဖြစ်တဲ့ အေဂျက်၊ ဘာစီလိုနာ၊ လေဗာကူဆင်၊ ဆီးဗီးလာ၊ စပို့တင်း၊ ဂျူဗင်တပ်၊ ဆဲလ်ဘတ်နဲ့ ရှက်တာဒိုးနက်တို့ထဲက တစ်သင်းဖြင့် ရှုံးထွက်မှာ ယှဉ်ပြိုင်ရပါလိမ့်မယ်။
ယူရိုပါလိဂ် မဲခွဲမှုတွေကို လာမယ့်အပတ် တနင်္လာနေ့မှာ ချန်ပီယံလိဂ် မဲခွဲမှုတွေအပြီး ဆက်တိုက် ပြုလုပ်မှာ ဖြစ်ပါတယ်။ Play-off အဆင့် ပထမအကျော့ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ယှဉ်ပြိုင်ကစားပြီး တစ်ပတ်အကြာမှာပဲ ဒုတိယအကျော့ကို ဆက်တိုက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
