မားကပ် သူရမ်၊ တယ်ရီရာနဲ့ ဖိလစ် စတဲ့ တိုက်စစ်ပစ်မှတ်များ၊ ပီလီ အတွက် ဝမ်းနည်းကြခြင်းနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ဘရာဇီးနဲ့ ဘောလုံးဂန္တဝင်ကြီး ပီလီ ကွယ်လွန်သွားတာကြောင့် ယူနိုက်တက်မှ ဘရာဇီးအသင်းသားတွေ ဖြစ်တဲ့ ဖရက်၊ ကာဆီမီရိုနဲ့ အန်တိုနီတို့သာ မက အခြား အသင်းသားများနဲ့ ကစားသမားဟောင်းတွေကပါ အောက်မေ့ တသ ဝမ်းနည်းစကားတွေ ဆိုခဲ့ကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရေးနက်စ် တိုက်စစ်သမား မာတင် တယ်ရီရာ ကို ခေါ်ယူဖို့ ဝင်ရောက် ကြိုးစားနေကြောင်း သတင်း ထွက်လာပါတယ်။ ပြင်သစ်သား ဟာ ဒီရာသီ ပွဲ ၂ဝ မှာ ၁၅ ဂိုး သွင်းထားပြီး စပါး အသင်းကလည်း ၎င်းကို ချိတ်ဆက်နေပါတယ်။

ယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ် ကြယ်ပွင့် ဂျာအို ဖိလစ်ကို ခေါ်ယူရေးမှာ ဦးဆောင် ရေပန်း စားနေပါတယ်။ ဖိလစ်ကို ယူရို ၉ သန်းနဲ့ အငှား ခေါ်ယူနိုင်မှာ ဖြစ်ပြီး ယူနိုက်တက် က ကစားသမား လစာ ကိုလည်း ပေးချေရမှာပါ။

လီဗာပူး ကို ရွေးချယ် ပြောင်းရွှေ့ သွားတဲ့ ယူနိုက်တက် ပစ်မှတ်၊ PSV တောင်ပံတိုက်စစ်သမား ဂတ်ပို က အသင်းမပြောင်းခင် နယ်သာလန် စီနီယာ လက်ရွေးစင် ဗန်ဒိုက်နဲ့ ဖုန်းဆက် စကားပြောခဲ့သေးပြီး ဗန်ဒိုက်ရဲ့ ဖိတ်ခေါ် အားပေး တိုက်တွန်းမှုလည်း ရခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂတ်ပို လက်လွှတ်လိုက်ရပြီးနောက် မန်ချက်တာ ယူနိုက်တက်ဟာ မွန်ချင်ဂလာဘတ်မှ ပြင်သစ် တိုက်စစ်သမား မားကပ် သူရမ်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။ ၎င်းကို ပရီးမီးယားလိဂ် ကလပ် အချို့နဲ့ အင်တာမီလန် ကလည်း စိတ်ဝင်စားနေတာပါ။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အန်ဇို ဖာနန်ဒက်စ် အတွက် ချယ်ဆီးက စာချုပ်ဖျက်သိမ်းကြေး ပေးကာ ဘင်ဖီကာ ထံ ကမ်းလှမ်းမှု ပေးပို့ထားပြီး ကစားသမားနဲ့ပါ ညှိနှိုင်းနေပြီ လို့ သိရပါတယ်။ ဘင်ဖီကာ ဘက်ကတော့ အန်ဇို ကို ရာသီကုန်ထိ ဆက်ထိန်းထားဖို့ ကြိုးစားမယ် လို့ ကြေညာချက် ထုတ်လာပါတယ်။