အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ထင်သလို လှုပ်ရှား စိတ်ကြိုက် ပြုမူနေတဲ့ ချယ်ဆီးလို ကလပ်အသင်းတွေကို တားဆီးဖို့ UEFA က စည်းမျဉ်းသစ်တွေ ထပ်ထုတ်ဖို့ ပြင်ဆင်နေပါတယ်။
UEFA လုံးဝ သဘောမတွေ့ ဖြစ်ခဲ့တာက ချယ်ဆီး မူဒရစ်ကို ခေါ်ယူပြီး ၈နှစ်ခွဲ စာချုပ် ချုပ်ဆိုလိုက်တာပါ။ ပြောင်းရွှေ့ကြေးကြီး ပေးပြီး ကစားသမားတွေကို ခေါ်ယူ နှစ်ကာလရှည် ချုပ်ဆိုခြင်း အပေါ် UEFA က စည်းမျဉ်းတွေနဲ့ ထိန်းချုပ်လိုနေပါတယ်။
ကလပ်အသင်းတွေ အနေနဲ့ ပြောင်းရွှေ့ကြေးကို ဖြန့်ပြီး ကာမိအောင် နှစ်ရှည် စာချုပ် ချုပ်ဆိုတာကို တားဆီးနိုင်ဖို့ ဘယ်နှနှစ်ထိ အမျာဆုံး စာချုပ် ချုပ်လို့ရမယ် ဆိုတာမျိုး UEFA က ကန့်သတ်တော့မှာပါ။

ချယ်ဆီးအသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်း FFP ရဲ့ လျော့ရဲနေတဲ့ အချက်ကို ပါးနပ်စွာ တွေ့ရှိခဲ့ပြီး အပြောင်းအရွှေ့ တွေမှာ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ကာလရှည် စာချုပ်ကြီး ချုပ်ဆိုလာပါတယ်။ ဒါကြောင့် ကစားသမား ၁၄ ယောက်ထိ ခေါ်ယူလာနိုငတာ ဖြစ်ပါတယ်။
တော့ဒ်ဘိုလေ အသင်းပိုင်ရှင် ဖြစ်လာတည်းက ချယ်ဆီးအသင်းရဲ့ ခေါ်ယူမှုတွေဟာ အနည်းဆုံး ၆ နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုတာ ဖြစ်ပါတယ်။ မာဒူကီ၊ ဒါထရို ဖိုဖာနာ၊ ဘက်ရှီးယားနဲ့ မူဒရစ် တို့လို ခေါ်ယူမှုတွေ ဆိုရင် ၇ နှစ်နဲ့ အထက် စာချုပ်တွေ ပေးခဲ့တာပါ။
UEFA ရဲ့ ကန့်သတ်ချက် ထုတ်မလာခင်မှာလည်း ချယ်ဆီးအသင်းဟာ ကစားသမားတွေကို ကာလရှည် စာချုပ်တွေနဲ့ ထပ်ခေါ်ဖို့ လှုပ်ရှားဖွယ် ရှိနေပါသေးတယ်။
