သန်း ၁၅ဝ တန် ဘယ်လင်ဟမ်၊ မက်ဆီကို ကြိုနေတဲ့ ဇာဗီ၊ ပရီးမီးယားလိဂ် ပြောင်းချင်တဲ့ ဂါဗီဒေါနဲ့ အပြောင်းအရွှေ့ သတင်းများ

ဆာဘစ်ဆာရဲ့ အေးဂျင့် ဖြစ်သူက သူ့ ကစားသမား မန်ချက်စတာ ယူနိုက်တက်ထံ အပြီး ပြောင်းနိုင်ခြေအား အပြတ် မငြင်းဆန်ခဲ့ပါဘူး။

ဘိုင်ယန်ကနေ အငှား လာကစားနေတဲ့ ဆာဘစ်ဆာ ဟာ ယူနိုက်တက်မှာ ယခင် လိုက်ပ်ဇစ်မှာ ကစားခဲ့တဲ့ ဆာဘစ်ဆာကို ပြန်မြင်နေရသလို ဖြစ်နေပြီး ကျေနပ်ရကြောင်း ၎င်းက ဆိုပါတယ်။

ဒေါ့မွန်ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို သန်း ၁၅ဝ ထိ ရောက်သွားနိုင်တယ်လို့ သတင်းထောက် ဒေးဗစ်အွန်စတိုင်းက ဆိုပါတယ်။ အင်္ဂလန်သား ကို ခေါ်ဖို့ လီဗာပူး၊ မန်စီးတီး၊ ယူနိုက်တက်နဲ့ ရီးရဲလ်တို့က အပြိုင် ချိတ်ဆက်နေပါတယ်။

လီဗာပူး ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ခရိုအေးရှား နောက်ခံလူ လိုဗရန် က ဘောလုံး ကစားခြင်းမှ အနားယူပြီ ဖြစ်ကြောင်း ကြေညာသွားပါတယ်။

ဘာစီလိုနာ အသင်း မန်နေဂျာ ဇာဗီကတော့ မက်ဆီနဲ့ အမြဲ အဆက်အသွယ် ရှိနေသလို သူ ပြန်လာချင်ရင်လည်း အမြဲ တံခါးဖွင့် ကြိုနေပါကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အဲဗာတန်အသင်းဟာ ဂိုးသမား ပစ်ဖို့ဒ်ကို ကာလရှည် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရသွားခဲ့ပြီး လာမယ့် ရက်ပိုင်းမှာ လက်မှတ်ထိုးဖွယ် ရှိပါတယ်။

အာဆင်နယ် အသင်းဟာ ကွင်းလယ် ကစားသမား ဇာခါကို သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ဂျိုစ်ကို ဂါဗီဒေါဟာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လိုနေကြောင်း လိုက်ပ်ဇစ် အသင်းနည်းပြ မာကို ရို့စ်က အတည်ပြု ပြောဆိုသွားပါတယ်။ ၎င်းကို လီဗာပူးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။