မန်စီးတီးနဲ့ သဘောတူသွားတဲ့ ကိုဗာဆစ်၊ နေမာ ကို ငြင်းတဲ့ ဇာဗီ၊ ရီးရဲလ် မခေါ်တော့မယ့် ကိန်းနဲ့ အပြောင်းအရွှေ့ သတင်းထူးများ

ချယ်ဆီးကွင်းလယ်လူ ကိုဗာဆစ်ဟာ မန်စီးတီး အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကာ ကလပ်နှစ်သင်းကြား ညှိနှိုင်းဖို့သာ ကျန်ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်က စပါးတိုက်စစ်သမား ဟယ်ရီကိန်းကို ခေါ်ယူသွားမှာ မဟုတ်တာမို့ မန်ချက်စတာ ယူနိုက်တက်က သူ့ကို လွတ်လွတ်လပ်လပ် ကြိုးစားခွင့်ရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ကက်ဆီကို လီဗာပူးအသင်း ခေါ်ယူမယ်လို့ အသံထွက်နေပေမယ့် သတင်းမှားပဲဖြစ်ပြီး မာဆေးဆိုဒ်ကလပ်ရဲ့ ဦးစားပေးထဲမှာ ကက်ဆီ မပါဝင်ဘူးလို့ ရိုမန်နိုက ဆိုပါတယ်။

လူကာကူဟာ မီလန်မှာပဲ ဆက်နေလိုပြီး ကမ္ဘာ့ဖလား အပြီးမှာတော့ အင်တာမီလန်နဲ့ ချယ်ဆီးတို့ဟာ ကစားသမားရဲ့ အနာဂတ်အတွက် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပြင်သစ်သား ကွင်းလယ်လူတွေဖြစ်တဲ့ မန်နူကူနေး၊ တူဟမ်တို့ကို ခေါ်ယူရေးအတွက် ကစားသမားတွေရဲ့ အေးဂျင့်တွေဖြင့် စကားပြောဖို့ ရက်ချိန်း ယူထားပါပြီ။

ရိုက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်ဘက်က အသင့်ပြင်ထားသလို ဘိုင်ယန်မြူးနစ်ဘက်ကလည်း ကစားသမားကို ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေက အခုချိန်ထိ လမ်းပွင့်နေဆဲပါ။

ဘာစီလိုနာကို နေမာ ပြန်ရောက်လာမယ်ဆိုတဲ့ သတင်းတွေဟာ သူ့ကို အံ့ဩစေတယ်လို့ ဇာဗီက ထုတ်ပြောခဲ့ပြီး သူ့ရဲ့ ပလန်ထဲမှာ နေမာ မပါကြောင်း ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ အယ်လစ္စတာကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ကာ ၂၀၂၈ ခုနှစ်ထိ ရှိနေမယ့် စာချုပ် လက်မှတ်ထိုးကာ တရားဝင် မိတ်ဆက် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်သမား မာရက်ဇ်ကို ခေါ်ယူနိုင်ရေး ဆော်ဒီကလပ်ဘက်က ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့်ကို ခေါ်ယူဖို့ ပြင်ဆင်ထားပေမယ့် ချယ်ဆီးဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက အဟန့်အတား ဖြစ်နေပါတယ်။

ဝက်စ်ဟမ်းအသင်းက ရိုက်စ်နေရာ အစားထိုးဖို့ အမရာဘတ်ကို ခေါ်ယူမယ် သတင်းထွက်နေပေမယ့် ကွင်းလယ်လူဟာ ဘာစီလိုနာထံ ပြောင်းလိုနေတာလို့ သိရပါတယ်။