ကစားသမား ၃ ယောက် အပြောင်းအရွှေ့ အတွက် အင်တာမီလန်နဲ့ ချယ်ဆီး အစည်းအဝေး ထိုင်မည်

ချယ်ဆီးနဲ့ အင်တာမီလန် အသင်းတို့ဟာ လာမယ့် ရက်တွေ အတွင်း ကစားသမား ၃ ဦးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေ အတွက် အစည်းအဝေးတွေ ဆက်တိုက် ပြုလုပ်ဖို့ ရှိနေကြောင်း အီတလီ သတင်းထောက် ဒီ မာဇီယို က ဖော်ထုတ်လာပါတယ်။

ကလပ် နှစ်သင်း အကြား ဆွေးနွေးမှုမှာ တိုက်စစ်မှုး လူကာကူ ကိစ္စက ထိပ်ဆုံးက ပါဝင်မှာပါ။ ဘယ်လ်ဂျီယံသားဟာ အနောက်လန်ဒန်ကလပ်ထံ ဒီလကုန်ရင် ပြန်လာရမှာ ဖြစ်ပေမယ့် မီလန်မှာပဲ ဆက်နေချင်နေပါတယ်။

အင်တာမီလန်က ချယ်ဆီး နောက်ခံလူ ကူလီဘာလေ ကို အငှားနဲ့ ခေါ်ယူဖို့လည်း ချိတ်ဆက်နေတာ ရှိပါတယ်။ ဒီအတွက်လည်း ဆွေးနွေးမှုမှာ ပါဝင်မှာပါ။

နောက်ထပ် အဓိက ဆွေးနွေးစရာကတော့ အင်တာ ဂိုးသမား အိုနာနာ ကို ချယ်ဆီးက ခေါ်ယူဖို့ စိတ်အား ထက်သန်နေတာ ဖြစ်ပါတယ်။ ဂိုးသမားကောင်း ထပ်ခေါ်ပြီး အဆင့်မြှင့်ချင်နေတဲ့ ချယ်ဆီးဟာ ယခင်ကလည်း အိုနာနာကို ခေါ်ယူရေး ကြိုးစားခဲ့ဖူးပြီး ယခင် ခေါ်ဈေးအရ ၎င်း တန်ကြေးက အနည်းဆုံး ပေါင် သန်း ၅၀ လောက် ရှိပါမယ်။

ချယ်ဆီးအသင်းဟာ နည်းပြသစ် ပိုချက်တီနိုနဲ့ အတူ ကစားသမားသစ် ခေါ်ယူရေးတွေ အပြင် လက်ရှိ ကစားသမားတွေ အနာဂတ် ဆုံးဖြတ်ဖို့တွေပါ အလျင်အမြန် လုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ဒီရက်ပိုင်း အင်တာနဲ့ ဆွေးနွေးမှုတွေကနေ သတင်းထူးတွေ ကြားရဖွယ် ရှိပါတယ်။