မန်စီးတီးကို အသာရဖို့ ရိုက်စ် အား ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းချလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်အတွက် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ပါ ဒီနေ့ ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။

The Athletic မှ သတင်းထောက် David Ornstein ကတော့ အာဆင်နယ်ဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ + ထပ်ဆောင်းကြေး ပေါင် ၅ သန်းဖြင့် ကမ်းလှမ်းခဲ့တာလို့ ဖော်ပြခဲ့တယ်။ ဒီကြေးဟာ ဗြိတိန် ကစားသမား တစ်ယောက် အတွက် အများဆုံး စံချိန်တင်ကြေး ဖြစ်ပါတယ်။

လက်ရှိ စံချိန်တင် ကစားသမားကတော့ ရိုက်စ်ရဲ့ အင်္ဂလန် အသင်းဖော် ဂရေးလစ်ချ် ဖြစ်ပြီး ၂၀၂၁ နွေမှာ အက်စတွန်ဗီလာကနေ မန်စီးတီး အသင်းထံ ပေါင် သန်း ၁ဝဝ အတိနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ဒီကလန် ရိုက်စ် အတွက်လည်း မန်စီးတီးက ကမ်းလှမ်းမှု လုပ်နေပြီး အာဆင်နယ်ရဲ့ စံချိန်တင် ကမ်းလှမ်းမှု အပေါ် မန်ချက်စတာ ကလပ်က ကြေး လိုက်တိုးပေးဦးမလား စောင့်ကြည့်ရဖွယ် ရှိပါတယ်။

အာဆင်နယ် ကမ်းလှမ်းတဲ့ ပမာဏဖြင့် အပြောင်းအရွှေ့ ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ ဗြိတိန် ကစားသမား တစ်ဦးအတွက် ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာပါမယ်။

လန်ဒန်ကလပ်နှစ်သင်းကြားမှာ ငွေပေးချမှု ပုံစံတွေကို အသေးစိတ် ဆွေးနွေးရဦးမှာ ဖြစ်ကာ ဝက်စ်ဟမ်းဘက်က အာဆင်နယ်ရဲ့ စံချိန်တင် ကမ်းလှမ်းမှုကို သဘောတူလိုက်မှာ မဟုတ်သေးဘဲ မန်စီးတီးရဲ့ နောက်ထပ် ကမ်းလှမ်းမှုကို စောင့်ဆိုင်း နားထောင်သွားဦးမယ်လို့ သိရပါတယ်။

ဒီအပတ်ထဲမှာ မန်စီးတီးကလည်း ကနဦး ပေါင် သန်း ၈၀ အပြင် ထပ်တိုးကြေး ပေါင် ၁၀ သန်း ပါဝင်တဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပြီး ဝက်စ်ဟမ်းက ပယ်ချခဲ့တာပါ။ အာဆင်နယ်ကို ကျော်လွန်ဖို့ဆိုရင် မန်စီးတီးဟာ ဂရီလစ်ချ်အတွက် ပေးခဲ့ရတဲ့ ပေါင် သန်း ၁၀၀ ထက် ပိုများတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။