လီဗာပူး နစ်နာခဲ့ပြီး ဒီဇာဘီ ပေါက်ကွဲလို့ ကလော့ပ် တားဆီးခဲ့ရတဲ့ VAR ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်

ဘရိုက်တန်နဲ့ လီဗာပူးပွဲဟာ ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပြီး ဒီပွဲမှာတော့ ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်တို့ရဲ့ ဆုံးဖြတ်ချက် အချို့ကို နှစ်သင်းပရိသတ်တွေ သဘောမကျ ဖြစ်ခဲ့ကြပါတယ်။

ဆိုဘိုစလိုင်းကို ဧရိယာထဲမှာ ဘရိုက်တန် အသင်းသား Pascal Gross က ရည်ရွယ်ချက်ပါပါ ဆွဲလဲ ချခဲ့ခြင်းကြောင့် လီဗာပူးအသင်း ပင်နယ်တီရခဲ့ပြီး ဆာလာရဲ့ ၂ ဂိုးမြောက် သွင်းဂိုး ဖြစ်လာစေခဲ့တယ်။ ဒါပေမယ့် အဆိုပါဖြစ်ရပ်မှာ Pascal Gross ဟာ အနီကဒ် ပြသခံခဲ့ရခြင်း မရှိပါဘူး။

‘ဂိုးရနိုင်တဲ့ ရှင်းလင်းတဲ့ အခြေအနေကို တားဆီးခြင်း’ ဖြစ်တဲ့ အဲ့လုပ်ရပ်မျိုးဟာ တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံရမှာပါ။ ဒိုင်တွေဘက်ကတော့ ဆိုဘိုစလိုင်ဟာ ဘောလုံး ပိုင်ဆိုင်မှုပိုင်း ထိန်းချုပ်နိုင်ဖို့ကိုပဲ ပိုပြီး အလေးပေးခဲ့တာကြောင့် ‘ဂိုးရနိုင်တဲ့ ရှင်းလင်းတဲ့ အခြေအနေ’ အဖြစ် မှတ်ယူခြင်း မရှိခဲ့တာလို့ သိရပါတယ်။

နောက်ထပ်ဖြစ်ရပ်ကတော့ ဒုတိယပိုင်းမှာ ဗန်ဒိုက် လက်ထိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဘရိုက်တန်ဘက်က ပင်နယ်တီ ရလိုခဲ့ပြီး နည်းပြဒီဇာဘီ အတော်လေး ပေါက်ကွဲနေခဲ့သလို အဝါကဒ် ပြသခံရတယ်။ သူက ထပ်ပြီး စောဒက တက်နေလို့ အနီကဒ်နဲ့ ထုတ်မခံရအောင် ကလော့ပ်က သွားတားနေတာကို မြင်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာတော့ ဘရိုက်တန်ဘက်က ကန်လိုက်တဲ့ ဘောလုံးဟာ ဗန်ဒိုက်ရဲ့ ဒူးကို ထိပြီးမှ ပြန်စင်ထွက်ပြီး လက်ကို ထိမှန်ခဲ့တာပါ။ တမင်မရည်ရွယ်တဲ့ လက်ထိဘော ဖြစ်ရပ်အဖြစ် ဒိုင်တွေက ဆုံးဖြတ်ခဲ့ပြီး ပင်နယ်တီ မပေးခဲ့တာ ဖြစ်ပါတယ်။