သိပ်မကြာခင်မှာတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆိုတဲ့ နေရာအတွက် မက်ဆီ၊ ရော်နယ်ဒို အားပြိုင်မှုဟာ အပြီးတိုင် အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
ဒီနှစ် ဘလွန်းဒီအောဆုအတွက် မက်ဆီက ဟာလန်း၊ အမ်ဘတ်ပီတို့နဲ့အပြိုင် ရေပန်းစားနေဆဲဖြစ်ပေမယ့် ရော်နယ်ဒိုကတော့ ဥရောပမြေကို စွန့်ခွာသွားမှုနဲ့အတူ နာမည်စာရင်း မဝင်နိုင်တော့ပါဘူး။
မက်ဆီ ကိုယ်တိုင်ကလည်း မေဂျာလိဂ်ကလပ်နဲ့ စာချုပ်ကုန်ချိန်မှာ အာဂျင်တီးနားကို ပြန်သွားဖို့ ဆုံးဖြတ်ထားပါပြီ။ ဒါကြောင့် နောက်နှစ်တွေကစလို့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား နေရာဟာ မျိုးဆက်သစ်တွေထံ ဆင်းသက်သွားတော့မှာ ဖြစ်ပါတယ်။
ဘယ်သူက ကမ္ဘာ့အကောင်းဆုံး နေရာကို ဆက်ခံမလဲအတွက် ရီးရဲလ်မက်ဒရစ် ဂန္တဝင်ကြီး ဂူတီက ထင်မြင်ချက်ပေးရာမှာ ” ဗင်နီးဆီးယက်၊ အမ်ဘတ်ပီ၊ ဟာလန်းတို့က အကောင်းဆုံး ကစားသမား ပုလ္လင်နေရာကို ဆက်ခံမယ် ရေပန်းစားကြပါတယ်။
ဒါပေမယ့်လို့ မက်ဆီ၊ ရော်နယ်ဒိုတို့ မရှိတော့ရင် လွတ်သွားမယ့် ပုလ္လလင်ကို တကယ်ပဲ ထိုင်နိုင်မယ့်သူက ဘယ်လင်ဟမ်ပဲ ဖြစ်ပါလိမ့်မယ်။ သူက အဲ့လိုဖြစ်လာလောက်တဲ့ အစွမ်းအစမျိုးတွေ ပြသနေပါတယ် ” လို့ ထင်မြင်ချက် ပေးခဲ့တယ်။
ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ပြီး ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ကိုယ်တိုင် ၁၀ ဂိုးသွင်း ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ထားနိုင်တဲ့ ဘယ်လင်ဟမ်ဟာ ဘောလုံးရာသီသစ်ရဲ့ ခြေစွမ်း အတောက်ပဆုံး ကြယ်ပွင့် တစ်ဦးအဖြစ် စွမ်းဆောင်ပြနေခဲ့ပြီ ဖြစ်ပါတယ်။
