အာဆင်နယ် ဂန္တဝင် တစ်ဦး ဖြစ်တဲ့ပက်ထရစ် ဗီအဲရာဟာ ဆာဂျင်ရက်ကလစ်ရဲ့ အသင်းအတွက် အလုပ်လုပ်ဖူးပြီး နည်းပြ တန်ဟက်ဟာ ပိုင်ရှင်ကောင်းတစ်ဦးရဲ့ လက်အောက်မှာ အလုပ်လုပ်ရတော့မှာပါလို့ အားပေးစကား ဆိုလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အမာခံပရိသတ်ဖြစ်တဲ့ ရက်ကလစ်ဟာ အိုးထရတ်ဖို့ အခြေစိုက် ကလပ်ရဲ့ ရှယ်ယာ ၂၅% ကို ပေါင် ၁.၄ ဘီလျံဖြင့် ဝယ်ယူမှု ပြီးမြောက်တော့မှာပါ။ ၎င်းဟာ ယူနိုက်တက်ကို အလုံးစုံ ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဂလေဇာတို့က ရှယ်ယာ အနည်းစု ကိုပဲ ရောင်းထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ရက်ကလစ်ဟာ ပြင်သစ် လီဂူးဝမ်းကလပ် Nice အသင်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပြီး အဆိုပါကလပ်မှာ အလုပ်လု ပ်ဖူးတဲ့ ဂန်းနားဟောင်း ဗီအဲရာကတော့ အခုလို မှတ်ချက်ပေးပါတယ်။
‘ ရက်ကလစ်က ကျနော်ရဲ့ အလုပ်တွေကို ဝင်စွက်ဖက်တာမျိုး မရှိပါဘူး။ ကျနော်တို့ တွေ့ဆုံချိန်တွေမှာ အသင်း အကြောင်း၊ ကျနော်တို့ရဲ့ ဘဝအကြောင်းပဲ စကားပြောပါတယ်။
သူက အခြားသော ပိုင်ရှင်တွေလို မန်နေဂျာတစ်ယောက်ရဲ့ အလုပ်ကို ဝင်စွက်ဖက်တာမျိုး မရှိပါဘူး။ ကလပ်အပေါ် ရည်မှန်းချက်တော့ အတော်လေး ကြီးပါတယ်။ သူ့လိုပိုင်ရှင်နဲ့ဆိုရင် ကိုယ့်အလုပ်ကိုယ် စိတ်အေးအေးလေး လုပ်လို့ရပါတယ်။ ‘ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ရက်ကလစ်က ရှယ်ယာ ၂၅% ကို ဝယ်ယူဖို့ နီးစပ်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အခြေအနေက တည်ငြိမ်ခြင်း မရှိဘဲ ဈေးကွက်ထဲမှာ ရှယ်ယာတန်ဖိုး ဆိုးဆိုးရွားရွား ကျဆင်းနေတာ ဖြစ်ပါတယ်။
