ပရီးမီးယားလိဂ် ချန်ပီယံက ဒီနှစ်သင်းထဲကပဲ ဖြစ်မှာလို့ ဟောကိန်းထုတ်လာတဲ့ ပေါမာဆန်ရဲ့ ရွေးချယ်မှု

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဒီရာသီ မန်စီးတီးအသင်း အထနှေး နေပေမယ့် အချိန်တန်ရင် စီးတီးပဲ ချန်ပီယံ ဖြစ်သွားဖို့ များနေတယ်လို့ ဆိုလိုက်ကာ သူတို့မှ မဟုတ်ရင် သူ့အသင်းဟောင်း အာဆင်နယ်ပဲ လို့ သုံးသပ် ပြောဆိုလာပါတယ်။

အောက်တိုဘာလ နိုင်ငံပွဲတွေ မတိုင်ခင် လီဗာပူးအသင်းဟာ ဇယားထိပ်ထိ တက်နိုင်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ၂ ပွဲဆက်တိုက် ခြေချော်ခဲ့ပြီး စပါးတို့ ထိပ်ရောက်သွားခဲ့တာပါ။

ဒါပေမယ့် ဒီအသင်းတွေက အချိန်တန်ရင် အောက်ပြန်ဆင်းမှာဖြစ်ပြီး ဇယားထိပ်မှာ အာဆင်နယ် မဟုတ်ရင် မန်စီးတီးပဲ ရှိလိမ့်မယ်လို့ ဂန်းနားဟောင်းက ခန့်မှန်းပါတယ်။

ပေါမာဆန်က ” မန်စီးတီးအသင်းရဲ့ အထနှေးမှုကြောင့် လူတွေရဲ့ အာရုံစိုက်မှုက လျော့နည်းလာတယ်။ မန်စီးတီးက ခရစ္စမတ်ပြီးရင် ပွဲပေါင်း ၁၃-၁၄ ပွဲလောက်ထိ ဆက်တိုက် အနိုင်ယူနိုင်စွမ်းရှိတဲ့ အသင်းဖြစ်ပါတယ်။

သူတို့ရဲ့ လူစာရင်းက အခြားအသင်းတွေ အားလုံးထက် တောင့်တင်းပါတယ်။ ဒီရာသီ ဘယ်အသင်းပဲ ဖြစ်ဖြစ် မန်စီးတီးအသင်းရဲ့ အထက်မှာ နေနိုင်ရင် ချန်ပီယံဖြစ်ပါပြီ။

ဒါပေမယ့် မန်စီးတီးရဲ့ အထက်မှာ ၂ သင်း ၃ သင်း ရှိလာမှာ မဟုတ်ပါဘူး။ မန်စီးတီးက ထိပ်ဆုံး ၂ သင်းထဲတော့ သေချာပေါက် ပါမှာပါ။ ထိပ်ဆုံး ၂ သင်းက အာဆင်နယ်နဲ့ မန်စီးတီးပဲ ဖြစ်သွားပါလိမ့်မယ်။

ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန် ၃ နေရာစာအတွက် ပရီးမီးယားလိဂ် ၇ သင်းလောက်က ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲ့အသင်း ၇ သင်းကလည်း အချင်းချင်း အနိုင်ယူနိုင်စွမ်း ရှိကြပါတယ်။ ” လို့ မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံး ၅ သင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိမှာဖြစ်တာကြောင့် အခွင့်အရေးတွေ ပိုများလာနေတာ ဖြစ်ပါတယ်။