စီးတီး ပရိသတ်တွေ လုပ်ပုံ မဟုတ်လို့ မြို့ခံ ပြိုင်ဘက် ယူနိုက်တက်ကို မန်စီးတီး တောင်းပန်စာ ထုတ်ခဲ့ရ

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့တဲ့ အသက် ၈၆ နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက်အသင်း ဂန္တဝင် ကစားသမားကြီး ဆာ ဘော်ဘီ ချာလ်တန်ကို စီးတီး ပရိသတ်တွေက သွားပြီး လှောင်ပြောင်ခဲ့တာကြောင့် တောင်းပန်ခဲ့ရပါတယ်။

စနေနေ့က ပရီးမီးယားလိဂ် ပွဲတွေ မကစားခင်မှာ အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ကွယ်လွန်သွားခဲ့တာပါ။ အဆိုပါနေ့ ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲမှာ မန်စီးတီး ပရိသတ်တွေဟာ ကွယ်လွန်သွားတဲ့ ဘော်ဘီချာတန်နဲ့ ပတ်သတ်ပြီး ထိုးနှက် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စီးတီးပရိသတ်တွေ အော်ဟစ် လှောင်ပြောင်နေတဲ့ ဗီဒီယို လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်လာခဲ့တဲ့ နောက် မန်စီးတီးဘက်က ချာတန်မိသားစုကို တရားဝင် တောင်းပန်ခဲ့ရပြီး အော်ဟစ်မှု လုပ်ခဲ့ကြသူတွေကို ရှာဖွေကာ ကွင်းဝင်ခွင့် ပိတ်ပင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

တစ်ရက်တည်းမှာပဲ မန်စီးတီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ၎င်းတို့ ဂန္တဝင် ကစားသမားဟောင်း Francis Lee ကို အောက်မေ့ ဆုတောင်းပေးနေစဉ်မှာပဲ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမား ကွယ်လွန်မှုကို မလေးမစား လုပ်တဲ့ဖြစ်ရပ် ထွက်ပေါ်ခဲ့တာပါ။

ဒီ ဖြစ်ရပ်ကြောင့် မန်စီးတီးကတော့ မျက်နှာပန်းမလှ ဖြစ်ခဲ့ရပြီး မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းကိုပါ တောင်းပန်သွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ လီဗာပူးအသင်းရဲ့ ပရိသတ် ၉၇ ဦးသေဆုံးခဲ့တဲ့ ဟေးဘရော့ဖြစ်ရပ်ကို လှောင်ပြောင်ခြင်း အတွက်လည်း တိုင်ကြားခံထားရတာဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ဆိုးသွမ်းပရိသတ်တွေကို တားဆီးရေး အာရုံစိုက်သွားဖွယ် ရှိနေပါတယ်။