မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီရာသီ နောက်ဆုံးပွဲက အရှုံးနဲ့ ပိတ်သိမ်းမယ် ဆိုတဲ့ ပေါမာဆန်ရဲ့ ဘရိုက်တန် ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် က ပရီးမီးယားလိဂ် ဒီရာသီ နောက်ဆုံးပွဲစဉ် အဖြစ် လာမယ့် တနင်္ဂနွေနေ့မှာ ဘရိုက်တန်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပွဲကတော့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲ အချိန်မှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘရိုက်တန် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ယူနိုက်တက်က လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ဝင်ခွင့်မရှိဘဲ သူတို့ရဲ့ မျှော်လင့်ချက်ကတော့ အက်ဖ်အေဖလား ဖိုင်နယ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကြိုမှာ ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာရေးပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ကြံ့ခိုင်မှုကနေ ပြန်သက်သာလာတဲ့ ကစားသမား အချို့ကို ပွဲမိနစ်တွေ ပေးဖွယ် ရှိပါတယ်။

သူတို့ လူစာရင်း အပြည့်ရှိနေရင်တောင်မှ ဖိုင်နယ်မှာ မန်စီးတီးကို နိုင်စရာအကြောင်း မရှိပါဘူး။ ယူနိုက်တက်ကတော့ ဘရိုက်တန်ပွဲကို ရှုံးရင်တောင် အက်ဖ်အေဖလားပွဲကို ပုံပြီး အားထုတ်သွားဖို့ ရှိနေတာပါ။

အဲရစ်တန်ဟက်ရဲ့ အနာဂတ်က ဆွေးနွေးစရာကိစ္စ ဖြစ်နေဆဲပါ။ နောက်ရာသီ ယူနိုက်တက်မှာ သူ ဆက်ရှိနေမလား မသေချာပါဘူး။ အက်ဖ်အေ ဖလား အနိုင်ရရင်တော့ သူ့ရဲ့ နည်းပြနေရာကို ဆက်ထိန်းနိုင်ပါလိမ့်မယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ ဘရိုက်တန် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။