နယူးကာဆယ်ကို ပေါ်တာနဲ့ ခြေပျက်နေတဲ့ ချယ်ဆီးတို့ ဘယ်လိုရင်ဆိုင်မလဲ သုံးသပ် ခန့်မှန်းသွားတဲ့ ပေါမာဆန်

ချယ်ဆီးအသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ပရီးမီးယားလိဂ် နောက်ဆုံးပွဲအဖြစ် ဒီအပတ်မှာ နယူးကာဆယ် အသင်းကို အဝေးကွင်း မှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ည ၁၂ နာရီ စိန့်ဂျိမ်းပါ့ခ်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က နယူးကာဆယ်နဲ့ ချယ်ဆီး အသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” ဒီပွဲက သိပ်ကို စိတ်ဝင်စားစရာ ကောင်းမှာပါ။ ချယ်ဆီးက ပြီးခဲ့တဲ့ အပတ်တုန်းက အာဆင်နယ်ရဲ့ ချေမှုန်းခြင်း ခံခဲ့ရတယ်။ ဒီအပတ် နယူးကာဆယ်ကိုသာ ထပ် ရှုံးမယ် ဆိုရင် အမှတ်ပေးဇယား ထိပ်နဲ့ ၁၆ မှတ်ထိ ပြတ်နေပါလိမ့်မယ်။

ဂရေဟမ် ပေါ်တာက ချယ်ဆီး ရောက်လာကာစမှာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူက ဘရိုက်တန် မန်နေဂျာ မဟုတ်တော့ပါဘူး။ အာဆင်နယ်ကို အိမ်ကွင်းမှာ ကစားပြီး ရှုံးလို့ မရဘူး။ ပြီးတော့မှ အဲဒီပွဲမှာ သူတို့ ကစားတာ ပိုကောင်းတယ် ပြောခဲ့တယ်။ ဒါမျိုး ဘရိုက်တန်နဲ့ လုပ်လို့ရမယ်၊ ချယ်ဆီးမှာတော့ ပရိသတ်တွေက မေးခွန်းထုတ်လာမှာပဲ။

ကျနော် ချယ်ဆီး ပရိသတ် တစ်ရာကျော်လောက်ကို ဒီအပတ် ပွဲထွက်ကစားသင့်တဲ့ အကောင်းဆုံးအသင်း ကို ရွေးခိုင်းတာ တစ်ယောက်မှတောင် သေချာ ရွေးနိုင်သူ ထွက်မလာခဲ့ဘူး။ အာဆင်နယ်မှာ ဆိုရင် ဒီလို မဟုတ်ဘူး။ ဒါက ချယ်ဆီး အတွက် စိုးရိမ်စရာပါ။

ပေါ်တာ အနေနဲ့ အသင်းကို ဒီလို အမြဲ ပြောင်းနေလို့ မရဘူး။ သူ ချယ်ဆီး ရောက်တာ နှစ်လနီးပါး ရှိနေပြီ။ အခုထိ သူ့ အကောင်းဆုံး အသင်းက ဘယ်အသင်းလဲ မသိသေးဘူး။

ဒီပွဲကိုသာ ရှုံးရင် လီဗာပူးက သူတို့ကို ကျော်တက်သွားနိုင်ပါတယ်။ ဒီလို ဖြစ်လာရင်လည်း ကျနော်က အံ့သြမိမှာ မဟုတ်ဘူး။ တူချယ် ချယ်ဆီး မန်နေဂျာ ဖြစ်တုန်းက ပရီးမီးယားလိဂ်မှာ ပွဲဆက် မရှုံးဖူးခဲ့ဘူး။

ချယ်ဆီး ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲ ဆက် ရှုံးခဲ့ဖူးတာ ဘယ်တုန်းက နောက်ဆုံးလဲတောင် မမှတ်မိတော့ဘူး။ ဒါပေမယ့် ဒီအပတ်မှာ ဖြစ်လာနိုင်ပါတယ်။ ကျနော် ဂရေဟမ် ပေါ်တာကို သိပ်သဘောကျပါတယ်။ သူ လမ်းမှန်ပေါ် ရောက်ပါစေ မျှော်လင့်တယ်။

နယူးကာဆယ်က ခုချိန်မှာ လုံးဝ ကြွေတက်နေတာပါ။ သူတို့ ဒီပွဲကိုသာ နိုင်ရင် Top 4 ထဲဝင်ဖို့ အခြေအနေ ကောင်းလာမှာပါ။ နယူးကာဆယ် အနေနဲ့ သတိထားဖို့တော့ လိုပါတယ်။ ဒီလိုပွဲမျိုးမှာ အငိုက်မမိဖို့ သတိထားရမှာပါ။ ဒီပွဲက သရေနဲ့ပဲ အဆုံးသတ်မယ် ထင်ပါတယ်။ ချယ်ဆီး နိုင်ဖို့ မမြင်ဘူး၊ ဒါက နယူးကာဆယ် အတွက် ရလဒ်ကောင်းပါ။ ” လို့ သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ် ကတော့ နယူးကာဆယ် ၁-၁ ချယ်ဆီး ဖြစ်ပါတယ်။