အာဆင်နယ် အမှတ်ပေးဇယား ထိပ်မှာ ရပ်တည်နိုင်နေတာ ဘယ်သူတွေကြောင့်လဲ အာတီတာ ဖော်ထုတ်

မနေ့က စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ မန်စီးတီးက မထင်မှတ်ဘဲ ရှုံးပွဲ ကြုံသွားချိန် အာဆင်နယ်က ဝုဗ်ကို အဝေးကွင်းမှာ ၂-ဝ နဲ့ အနိုင်ရလိုက်တာကြောင့် အမှတ်ပေးဇယားမှာ မန်စီးတီးကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာဖလားပြိုင်ပွဲ ကာလ ဝင်ရောက်လာပြီ ဖြစ်တာကြောင့် အာဆင်နယ်အသင်းဟာ ထိုပြိုင်ပွဲ အပြီး ခရစ္စမတ် ကာလအထိ လိဂ်ဦးဆောင်သူ နေရာကို ဆက်ထိန်းသွားဖို့ သေချာခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာက ခရစ္စမတ် ချန်ပီယံတွေဟာ ရာသီကုန်မှာ ချန်ပီယံဖြစ်လေ့ရှိတာမို့ ဒီရာသီ ဂန်းနားတို့ရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်တွေက ပိုမို အားကောင်းလာနေပါတယ်။

အာဆင်နယ်ရဲ့ လက်ရှိ အနေအထားနဲ့ ပတ်သတ်ပြီး နည်းပြ အာတီတာက ” ပြီးခဲ့တဲ့ ပွဲစဉ်တွေ တော်တော်များများမှာ ကျနေ်ာတို့ အနိုင်ရလိမ့်မယ်၊ အခု နေရာကို ရောက်နေလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ကြပါဘူး။

ကျနေ်ာတို့ကတော့ နေ့တိုင်းမှာ ပိုကောင်းလာဖို့ကိုပဲ အာရုံစိုက်ပါတယ်။ ကျနော်တို့ တိုးတက်လာရမှာတွေ ရှိနေ ပါသေးတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဒီလို မရပ်တည်နိုင်တာက အတော်လေးလည်း ကြာခဲ့ပြီ။

အသင်း အခုလို အပြည့်အဝ ပြောင်းလဲလာနိုင်တာဟာ ပရိသတ်တွေဆီက ခွန်အားနဲ့ ပြင်းပြထက်သန်မှုတွေကြောင့်ပါပဲ။ သူတို့ကပဲ ကစားသမားတွေကို ဒီလိုတွေ လုပ်လာနိုင်အောင် အသွင်ပြောင်းပေးနိုင်ခဲ့တာပါ။ ” လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

နည်းပြ အာတီတာဟာ သူ့အသင်း ပရီးမီးယားလိဂ် စိန်ခေါ်နိုင်ဖို့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ကစားသမားသစ် ဝယ်ယူ အားဖြည့်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။