နည်းပြတန်ဟက်နဲ့ မန်ချက်စတာ ယူနိုက်တက် အကြီးအကဲတွေရဲ့ ညစ်ကွက်တွေကို ဖွင့်ချသွားတဲ့ စီ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ဂျာနယ်လစ် ပီးယာ့ဇ်မော်ဂန်နဲ့ ပြောဆိုခဲ့တဲ့ အင်တာဗျူး တစ်ခု လတ်တလော ထွက်ပေါ်လာခဲ့ပြီး ထိုအင်တာဗျူးက ပြောစကားတွေဟာ ရော်နယ်ဒိုနဲ့ နည်းပြတန်ဟက်၊ ယူနိုက်တက် တို့ကြား ဆက်နွယ်မှုတွေကို တခါတည်း ဖြိုဖျက်ရာ ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီသားဟာ ဒီ အင်တာဗျူးမှာ နည်းပြတန်ဟက်နဲ့ အသင်း အကြီးအကဲတွေက သူ့အပေါ် မမျှတစွာ ဆက်ဆံပြီး အသင်းကနေ ထွက်အောင် တွန်းပို့နေတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကာလ အခုလို ကလပ်ကနေ ကစားသမားတွေ ထွက်ခွာလာချိန်နဲ့ အချိန်ကိုက် ဒီအင်တာဗျူး ထွက်ပေါ်လာတာကြောင့် ရော်နယ်ဒိုဟာ လာမယ့် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ ပိုများသွားပြီလည်း ဖြစ်ပါတယ်။

နည်းပြ တန်ဟက် အပေါ် အပြန်အလှန် လေးစားမှု ရှိသလား ဆိုတဲ့ အမေး အပေါ် ထိုအင်တာဗျူးမှာ ရော်နယ်ဒိုက –

” ကျနော် တန်ဟက်ကို မလေးစားနိုင်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူကလည်း ကျနော့်ကို လေးစားမှု မထားဘူး။ ကျနော့် အပေါ် လေးစားမှု မရှိနိုင်တဲ့ သူ တစ်ယောက် အပေါ် ကျနော်ကလည်း ဘယ်တော့မှ ပြန်မလေးစားပါဘူး။ ” တုန့်ပြန်ခဲ့ပါတယ်။

တန်ဟက်က ရော်နယ်ဒိုအား အသင်းကနေ ထွက်သွားအောင် တွန်းအားပေးနေသလား အမေးကို ပေါ်တူဂီသား က

” ဟုတ်ပါတယ်။ နည်းပြတင် မဟုတ်ဘူး အသင်းက အကြီးအကဲ (အကြီးတန်း အရာရှိ) နှစ်ယောက် သုံးယောက် လောက်ကလည်း ကျနော့်ကို တွန်းထုတ်နေတယ်။ ကျနော် သစ္စာဖောက်ခံရသလို ခံစားနေရပါတယ်။

ပွင့်ပွင့်လင်းလင် ဝန်ခံရရင် ကျနော် ဒါမျိုး မပြောသင့်ဘူး ထင်တယ်၊ မသိဘူး ဒါပေမယ့် ကျနော် ဂရုမစိုက်ချင်တော့ဘူး။ ကျနော် သစ္စာဖောက်ခံရသလို ဖြစ်နေတယ်။

လူ တချို့က ကျနော့်ကို ဒီမှာ မရှိစေချင်ကြသလို ခံစားနေရတယ်။ ဒီနှစ်မှ မဟုတ်ဘူး မနှစ်ကရောပဲ။ ” လို့ ဖြေကြားခဲ့ပါတယ်။

ထိုအင်တာဗျူးမှာ ရော်နယ်ဒို က ပြီးခဲ့တဲ့ ရာသီကြို ကာလ ဇူလိုင်လမှာ သူ့ရဲ့ ၃လသား သမီးငယ်လေး ဆေးရုံ တက်နေခဲ့ရတာကြောင့် အသင်းရဲ့ ရာသီကြို ထရိန်နင်ကို ပျက်ကွက်ခဲ့တာ ဖြစ်ပြီး သူက မန်ချက်စတာ ကလပ် ထံ အကြောင်းကြားခဲ့ချိန်မှာ မယုံကြည်သလို သံသယ ရှိခံခဲ့ရကာ သိုးမဲတစ်ကောင် အဖြစ် ပုံဖော်ခံရပြီး ဒီအဖြစ်က သူ့ကို နာကျင်စေခဲ့တယ် လို့လည်း ရော်နယ်ဒိုက ဖွင့်ဟခဲ့ပါတယ်။