ရွန်းနီက သူ့အပေါ် မနာလို လို့ ပုတ်ခတ်ပြောနေတာလို့ အင်တာဗျူးမှာ ထည့်ပြောသွားတဲ့ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒိုက လတ်တလော ထွက်ပေါ်လာတဲ့ ပီးယာ့ဇ် မော်ဂန်နဲ့ အင်တာဗျူးမှာ နည်းပြတန်ဟက်နဲ့ ယူနိုက်တက် တာဝန်ရှိသူတွေ အပေါ် ဖော်ထုတ်မှုတွေတင် မကဘဲ သူ့ရဲ့ အသင်းဖော်ဟောင်း ဝိန်းရွန်းနီ က သူ့အပေါ် မနာလို ဖြစ်ပြီး ဝေဖန်တိုက်ခိုက်နေကြောင်းပါ ပြောဆိုလာခဲ့ပါတယ်။

ရွန်းနီဟာ မန်ချက်စတာ ယူနိုက်တက် မှာ ရော်နယ်ဒိုနဲ့ အတူ ၅ ရာသီကြာ အတူ ကစားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ လက တော့တင်ဟမ်စပါးနဲ့ ပွဲ ရော်နယ်ဒို လူစားလဲခံရချိန်က အပြုအမူနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုပွဲမှာ ယူနိုက်တက်က ၂ဂိုး အသာရနေပေမယ့် ရော်နယ်ဒိုဟာ ပွဲမပြီးခင် ဥမင်ထဲ ဝင်ကာ ထပြန်သွားခဲ့ပြီး ထိုဖြစ်ရပ် နောက်ဆက်တွဲ အဖြစ် ရော်နယ်ဒို လူငယ်အသင်းနဲ့ ထရိန်နင်ဆင်းရတာ အပြင် ဒဏ်ငွေလည်း ပေးဆောင်ခဲ့ရပါတယ်။

ရွန်းနီ ကတော့ ထိုသို့ ရော်နယ်ဒို အပြစ်ပေးခံရတာက ဖြစ်သင့်ပြီး ပေါ်တူဂီသားရဲ့ အပြုအမူက မသင့်တော်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ရော်နယ်ဒိုက ထိုသို့ မှတ်ချက်ပေးခဲတဲ့ ရွန်းနီဟာ ခုထိ ကစားသမား ဖြစ်နေသေးတဲ့ သူ့ အပေါ် မနာလိုနေတာ ဖြစ်နိုင်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

” သူက ကျနော့်ကို ဘာလို့ ပြင်းပြင်းထန်ထန်ကြီး ဝေဖန်သလဲ ကျနော်လည်း မသိဘူး။ ဖြစ်နိုင်တာက သူ ကစားသမား ဘဝ ပြီးသွားချိန်မှာ ကျနော်က အဆင့်မြင့် လယ်ဗယ်မှာ အခုထိ ကစားနေတုန်း ဖြစ်နေလို့ နေပါလိမ့်မယ်။

ကျနော်ကတော့ သူ့ထက် ပိုကောင်းအောင် ကြိုးစားနေတာမှ မဟုတ်တာ၊ ဒါ အမှန်တရားပဲလေ။ ” လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။

ရွန်းနီ ရော်နယ်ဒို အကြောင်း ပြောစဉ်ကတော့ လုံးဝကြီး မကောင်းတဲ့ဘက်က မှတ်ချက်ပေးခဲ့တာတော့ မဟုတ်ဘဲ စီ ရော်နယ်ဒိုဟာ ပွဲ မကစားရရင်တောင် အသင်းရဲ့ အဖိုးတန် ပိုင်ဆိုင်မှု ဖြစ်နေသေးတယ် လို့ ဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ထို စကားတွေကို နားဝင်ပုံ မရဘဲ သူ့ အပေါ် မလိုလို့ ဒီလို ပြောခဲ့တာလို့ ယူဆနေပါတယ်။