အားလုံး ဂယက်ထသွားစေတဲ့ အင်တာဗျူး ထွက်လာပြီးမှာ ရော်နယ်ဒို ချယ်ဆီး ရောက်ဖို့ ရေပန်းစားလာ

ချယ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီမှာ ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူနိုင်မယ်လို့ ရေပန်းစားလာပြီ ဖြစ်ကြောင်း လန်ဒန် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ချယ်ဆီးက ရော်နယ်ဒိုအား အလေးအနက် ချိတ်ဆက်ခဲ့ပေမယ့် ထိုစဉ်က ချယ်ဆီးနည်းပြ တူချယ်က ပေါ်တူဂီသားကို အလိုမရှိတာကြောင့် အပြောင်းအရွှေ့ က ပျက်ပြယ်ခဲ့ပါတယ်။

လက်ရှိ ချယ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာကတော့ အသင်းပိုင်ရှင် ဘိုလေရဲ့ ဆန္ဒကို လက်ခံဖွယ် ရှိပြီး အင်အားဖြည့်ဖို့ ရည်ရွယ်နေတဲ့ တိုက်စစ်မှာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြေ ရှိနေပါတယ်။

ဒီမနက် ထွက်ပေါ်လာတဲ့ အင်တာဗျူးအရ ရော်နယ်ဒိုဟာ မန်ချက်စတာ ကလပ်ကို လုံးဝ လျစ်လျူရှုလိုက်ပုံ ရပြီး ပြောကြားခဲ့တဲ့ စကားလုံးတွေက နည်းပြတန်ဟက်နဲ့ရော မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ပါ ဆက်ဆံရေး ပြိုကွဲသွားဖွယ် ရှိနေပါတယ်။

ရော်နယ်ဒိုဟာ နည်းပြ တန်ဟက်ကို မလေးစားနိုင်ကြောင်း ဆိုခဲ့သလို အသင်းက အကြီးအကဲ တချို့ကလည်း သူ့ကို ထွက်ခွာသွားအောင် တွန်းအားပေးနေတယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။

ဒါကြောင့် လာမယ့် ဇန်နဝါရီမှာတော့ ရော်နယ်ဒို တစ်ယောက် အသင်းပြောင်းဖို့ ပိုများလာခဲ့ပြီ ဖြစ်ပါတယ်။ ချယ်ဆီး ကလည်း ဂိုးမိုးခေါင်နေတဲ့ တိုက်စစ် အတွက် အင်အားဖြည့်ဖို့ အစီအစဉ် ရှိနေပါတယ်။

အသက် ၃၇ နှစ် အရွယ် ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ပွဲထွက် လူစာရင်းကနေ ပါဝင် ကစားရတာ နည်းနေပြီး ၁၆ ပွဲ ကစားထားရာမှာ ၃ ဂိုး သာ သွင်းယူထားပါတယ်။