ချန်ပီယံ ဘယ်အသင်းလဲ၊ ဘလက်ဘန်းသာ Top 4 ဝင်ရင် ဝင်မယ်၊ ယူနိုက်တက်က မဖြစ်နိုင်ဘူး ဆိုတဲ့ ပင်းနန့်ရဲ့ ပြတ်သားတဲ့ ခန့်မှန်းချက်

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ဂျာမိန်း ပင်းနန့်ကတော့ ရာသီဝက်မှာ အမှတ်ပေးဇယား ကို အာဆင်နယ်က ဦးဆောင်ထားသည့်တိုင် မန်ချက်စတာစီးတီးပဲ ချန်ပီယံ ဖြစ်သွားမယ်လို့ ယူဆနေပါတယ်။ ဒါ့အပြင် စပါး၊ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က အဆင့် ၄ အတွင်း မဝင်နိုင်ဘူးလို့ သုံးသပ်ခန့်မှန်းလာပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့မှာ ကစားဖူးတဲ့ တောင်ပံတိုက်စစ်သမားဟောင်းကြီး ပင်းနန့်က talkSPORT အစီအစဉ်မှာ အခုလို သုံးသပ်သွားခဲ့တာပါ။

” ချန်ပီယံက မန်ချက်စတာ စီးတီးပဲဗျာ။ ဒုတိယက အာဆင်နယ်။ တတိယ လီဗာပူး၊ စတုတ္ထက နယူးကာဆယ် ယူနိုက်တက်။

တော့တင်ဟမ်က ချန်ပီယံလိဂ် ဝင်ခွင့် ရမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က စပါးအသင်း ဖြစ်နေလို့ပဲ။ သူတို့က ဂိုးတွေပေးတာကို မရပ်နိုင်ဘူး၊ လုံးဝပဲ။ ပွဲချိန် ပထမပိုင်းနဲ့ ဒုတိယပိုင်း ကစားတာက တစ်သင်းစီလိုကို ဖြစ်နေတော့တာ။

ချယ်ဆီးလည်း ချန်ပီယံလိဂ် ဝင်ခွင့် မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဂရေဟမ် ပေါ်တာ က အပတ်တိုင်းကို ဘယ် လူစာရင်း ပွဲထုတ်ရမယ် အခုထိ မသိသေးဘူး၊ အကောင်းဆုံး ကစားကွက်လည်း မသိသေးဘူး၊ ဒါကို သူ ခပ်မြန်မြန်ကြီးလည်း အဖြေရှာတွေ့မှာ မဟုတ်ဘူး။

နောက်ပြီးတော့ မန်ချက်စတာ ယူနိုက်တက် ? ခေါက်သာထားလိုက်တော့။ ဘလက်ဘန်းအသင်းကတောင်မှ top four ဝင်ရင် ဝင်သွားဦးမယ်၊ သူတို့ကတော့ မဖြစ်နိုင်ဘူး။ မိုင်တွေ အများကြီး ကျန်ရစ်နေခဲ့ပြီ။ ဒါပေမယ့် လီဗာပူးကတော့ ချန်ထားလို့ မရဘူး။ ” လို့ ပင်းနန့်က ပြောဆိုထားပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိ အမှတ်ပေးဇယားမှာ မန်စီးတီးကို ၅ မှတ်ဖြတ်ထားနိုင်ပြီ ဖြစ်ပြီး ခရစ္စမတ် ကာလမှာလည်း အမှတ်ပေးဇယား ထိပ်မှာ ဆက်လက် ရပ်တည်နေဦးမှာ ဖြစ်တာကြောင့် ဆုဖလား အတွက်ပါ ရေပန်းစားနေပြီ ဖြစ်ပါတယ်။